အောက်တိုဘာ-၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရေဘေးနဲ့ မြေပြိုဘေးရင်ဆိုင်နေရတဲ့ သရက်ချောင်းမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
သရက်ချောင်းမြို့နယ်၊ပြင်းဖြူကြီးရွာကိုအာဏာသိမ်းစစ်တပ်က အောက်တိုဘာလ ၅ရက် နေ့ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာလို့ မြို့ခံတွေကပြောပါတယ်။
ဒေါ်မဲတူလို့ လူသိများတဲ့ အမျိုးသမီးနေထိုင်တဲ့အိမ်ကိုလက်နက်ကြီးထိမှန်တာဖြစ်ပါတယ်။

Public Service Announcement
ပြင်းဖြူကြီးရွာထဲကို စစ်တပ်စစ်ကြောင်းတွေအောက်တိုဘာလ ၃ရက်နေ့မှာဝင်လာပြီး ရမ်းသမ်းပစ်ခတ်နေလို့ ဒေသခံအများစု ထွက်ပြေးနေရတယ်လို့ သတင်းရရှိပါတယ်။
ပြင်းဖြူကြီးရွာအပါအဝင် သရက်ချောင်းအောက်ပိုင်းရွာတွေဖြစ်တဲ့ ဆင်းကျန်း၊လဘ၊ပိတိုင်၊ချောက်ချောင်းရွာက ဒေသခံတွေဟာ စစ်တပ်စစ်ကြောင်းရန်ကို ကြောက်လန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ရေဘေးကြောင့်လည်း အထိအခိုက်များထားတော့တချို့က မရှောင်နိုင်ကြဘူး။ လေကြောင်းဆရာ စစ်ကြောင်းရော ကြောက်ရတာ”လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းလောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာထိုင်းနိုင်ငံဖက်ကလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်စက်တင်ဘာလ၂၆ရက်နေ့ကစပြီးရေဘေးကြုံတွေ့နေတာပါ။လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပြီးဒေသခံတွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။ ဘေးသင့် ဒေသတွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီးအရပ်သားတွေကိုဖမ်းဆီးနေသလိုလေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။စက်တင်ဘာလ၃၀ရက်နေ့က ထားဝယ်အရှေ့တောဒေသရေဝိုင်းရွာနဲ့ အောက်တိုဘာလ၁ရက်နေ့မှာ သရက်ချောင်းမြို့နယ်ထဲကို လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။ ရေဖြူမြို့နယ်နဲ့လောင်းလုံးမြို့နယ်ထဲမှာလည်း မြေပြင်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ရေဘေးနဲ့ မြေပ်ြိုမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်ကောင်စီတပ်တွေက ပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက်လည်း ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့နဲ့ ဒေသခံတွေ လုံခြုံရေးသတိရှိကြဖို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ထုတ်ပြန်ထားပါတယ်။



















































