သူ့ကို မထောက်ခံတဲ့ အဓိက မြို့ကြီးတွေကို အီရန်က ဖျက်ဆီးရင်တောင် ခွင့်ပြုမယ်လို့ အဓိပ္ပါယ် နှစ်ခွထွက်တဲ့ စကားမျိုး ပြောခဲ့လို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကိုအတိုက်အခံ ဒီမိုကရက် ပါတီအမတ်တွေက ဝေဖန်နေကြပါတယ်။
နောက်လထဲမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲအကြိုအဖြစ် အောက်တိုဘာ ၆ ရက်နေ့က နီဘရာစကာမှာ သွားရောက် မဲဆွယ်ချိန် မိန့်ခွန်းထဲမှာ ထရမ့်က အီရန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှု အန္တရာယ် အကြောင်းကို ထည့်ပြောသွားခဲ့ပါတယ်။ သူက အီရန်စစ်ပွဲကြောင့် လောင်စာဆီ စျေးတွေ မြင့်တက်နေတာနဲ့ ပတ်သက်လို့ အကြောင်းပြချက် ပေးရာမှာ အီရန်သာ နျူကလီးယားလက်နက် ပိုင်သွားရင် လော့စ်အန်ဂျလိစ်နဲ့ ဆန်ဒီယေဂိုတို့လို မြို့ကြီးတွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ ပြောပါတယ်။
အဲဒီမြို့ကြီး နှစ်မြို့စလုံးဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီကို အမာခံ ထောက်ခံရာ ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ တည်ရှိနေပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ် ဆိုတာကလည်း ထရမ့်က မျက်စိ စပါးမွေး အစူးဆုံး နိုင်ငံရေးသမား တစ်ဦးပါ။
ဆီစျေးတွေကတော့ နည်းနည်း တက်နေကြောင်း၊ ဒါပေမဲ့ အမေရိကန် နိုင်ငံနဲ့ ကမ္ဘာကြီးရဲ့ လုံခြုံရေးအတွက် ပေးသင့်တဲ့ တန်ဖိုး ခပ်သေးသေးလို့ သတ်မှတ်လို့ရကြောင်း အသက် ၈၀ အရွယ် ထရမ့်က ဆိုပါတယ်။

Public Service Announcement
အီရန်ဟာ အမေရိကန်ရဲ့ မြို့တစ်မြို့ကို ဖျက်ဆီးပစ်လိုက်နိုင်ကြောင်း၊ အဲဒီအခါ လော့စ်အန်ဂျလိစ်ဖြစ်ဖြစ်၊ ဆန်ဒီယေဂိုဖြစ်ဖြစ် အီရန်ကို ဖျက်ဆီးခွင့် ပြုလိုက်လို့ ရကြောင်း၊ ဒါဟာ သေးငယ်တဲ့ တန်ဖိုးတစ်ခု ပေးလိုက်ရတာသာဖြစ်ပြီး နောက်ပိုင်းကျရင် ကိစ္စတွေက ခပ်မြန်မြန် ပြီးဆုံးသွားမှာဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
သူ့ရဲ့ စကားဟာ အီရန်က ဒီမိုကရက်တစ်ပါတီ အားကောင်းတဲ့ အမေရိကန် မြို့ကြီးတွေကို တိုက်ခိုက်လာအောင် လှုံ့ဆော်ပေးရာ ရောက်နေတယ်လို့ အတိုက်အခံ အင်အားစုတွေက စွပ်စွဲခဲ့ပါတယ်။ နယူဆွမ်က ထရမ့်ဟာ ရန်သူနိုင်ငံ တစ်ခုက လော့စ်အန်ဂျလိစ်နဲ့ ဆန်ဒီယေဂိုကို ဖျက်ဆီးသင့်တယ်လို့ ပြောဆိုနေပြီဖြစ်ကြောင်း၊ သူဟာ စိတ်မမှန်တော့ဘဲ အင်မတန်လည်း အန္တရာယ်များကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။
အောက်လွှတ်တော်ရဲ့ ဒီမိုကရက်တစ်ပါတီ အစုအဖွဲ့ ခေါင်းဆောင် ဟာကင်မ် ယက်ဖရေးစ်ကလည်း အမေရိကန်ရဲ့ မြို့ကြီးတစ်ခုကို နျူကလီးယားလက်နက်နဲ့ ဖျက်ဆီးတဲ့အကြောင်း ဆွေးနွေးတာဟာ ရယ်စရာ ကိစ္စမဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ဒါပေမဲ့ အိမ်ဖြူတော်ကတော့ ထရမ့်ဟာ အီရန်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကိုပဲ အဓိက ပြောပြချင်တာဖြစ်ပြီး မီဒီယာတွေကသာ လိုရာဆွဲနေကြတာ ဖြစ်ကြောင်း၊ အခုလို ဖော်ပြချက်တွေက လက်တွေ့နဲ့လည်း မကိုက်ညီကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ထရမ့်ရဲ့ ဆိုလိုရင်းက အီရန်ရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်မှုကို မတားနိုင်ရင် အမေရိကန်ရဲ့ မြို့ကြီးတွေ ခြိမ်းခြောက် ခံလာရနိုင်တယ် ဆိုတာသာ ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ စတီဗန်ချုံးက Xမှာ ရေးသား ဖြေရှင်းထားပါတယ်။
သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်မှုတွေမှာ ထရမ့်ဟာ ပြီးခဲ့တဲ့လက စတင် ပါဝင်လာခဲ့ပါတယ်။ အီရန်စစ်ပွဲကြောင့် လူထုက စိတ်ပျက်နေမှုတွေဟာ အာဏာရ ရီပတ်ဘလစ်ကန် ပါတီအပေါ် ထိခိုက်သက်ရောက်လာပြီး လွှတ်တော်နှစ်ရပ်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားမှာကို ပါတီဝင်တွေက စိုးရိမ်နေပါတယ်။
ကိုးကား: AFP



















































