အောက်တိုဘာ ၉၊ ၂၀၂၆။ထားမြတ်/People’s Spring
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ရဲ့ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း IPUက ဒီကနေ့ ကျင်းပတဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ CRPHက အသိပေးပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကျင်းပ ဟန်ပြလွှတ်တော်ခေါ်၊ ဟန်ပြအစိုးရဖွဲ့ပြီး တရားဝင်မှု ရရှိရေး နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတဲ့ အခြေအနေမှာ CRPHကို IPUက ဆက်လက် အသိအမှတ်ပြုခဲ့တာလည်းဖြစ်ပါတယ်။
IPU ရဲ့ အမှုဆောင်ကော်မတီက လက်ရှိအာဏာသိမ်းစစ်အစိုးရကို တရားဝင်မှုမပေးကြဖို့ IPU အဖွဲ့ဝင်လွှတ်တော်တွေကိုတိုက်တွန်းခဲ့ကြောင်းလည်း CRPHက ဖော်ပြပါတယ်။

Public Service Announcement
ဒါ့အပြင် မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ အကူအညီများကို CRPHနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတစ်ဆင့် ပို့ဆောင်ကြဖို့လည်း သက်ဆိုင်ရာအစိုးရများသို့ တိုက်တွန်းပေးရန် IPU အဖွဲ့ဝင်လွှတ်တော်များကို အမှုဆောင်ကော်မတီက တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား အဓိကမိတ်ဖက် ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခဲ့ရာ လက်ရှိအချိန်ထိ အသိအမှတ်ပြုမှုကိုဆက်လက် အတည်ပြုခဲ့တာဖြစ်ပါတယ်။
တရားမဝင်အာဏာသိမ်းစစ်အုပ်စုက အတုအယောင်လွှတ်တော်ခေါ်ယူပြီး နိုင်ငံတကာစင်မြင့်တွင် ကိုယ်စားပြုခွင့်နဲ့ အသိအမှတ်ပြုခွင့် ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေချိန် CRPHနဲ့ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို မြန်မာပြည်သူတို့ရဲ့ တရားဝင်ကိုယ်စားပြုသူများအဖြစ် ဆက်လက်အသိအမှတ်ပြုခြင်းဟာ မြန်မာပြည်သူတို့ရဲ့ စစ်မှန်သော ဒီမိုကရေစီစိတ်ဆန္ဒအား အကြမ်းဖက်မှုများအပါအဝင် မည်သည့် နည်းလမ်းဖြင့်မျှ ဖျက်ဆီးနိုင်ခြင်းမရှိတာကို ထပ်မံ သက်သေပြခြင်းပင်ဖြစ်ကြောင်း CRPHက ထုတ်ပြန်ပါတယ်။
ဒ့ါအပြင် အခု အသိအမှတ်ပြုခြင်းဟာ လူမဆန်တဲ့ စစ်အာဏာရှင်များကို ကြံ့ကြံ့ခံ တွန်းလှန်ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတို့ရဲ့ အောင်ပွဲသာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်များဖြစ်တဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်အုပ်စုက ဆက်လက်ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဖော်ပြပါတယ်။ ဒါ့အပြင် ပြည်သူလူထုက ၎င်းတို့ရဲ့ အနာဂတ်အား လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်နိုင်တဲ့ ဒီမိုကရေစီအနာဂတ်အား ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် ယုံကြည်အားကိုးစွာ ဒီမိုကရေစီနည်းကျ အပ်နှင်းထားတဲ့ အခွင့်အာဏာအား ဆက်လက်ကျင့်သုံးသွားမယ်လို့ ထုတ်ပြန်ပါတယ်။



















































