နိုဝင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်တည်ဆောက်ရေး၊ ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ အဓိက ဦးဆောင်အဖွဲ့အစည်းတစ်ရပ်အဖြစ် လက်တွဲကြိုးပမ်းလျက်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ (၆) နှစ်ပြည့် ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြခဲ့ပြီး ပြည်သူများက ယုံကြည်စွာ အပ်နှံထားတဲ့ ဒီမိုကရေစီလုပ်ပိုင်ခွင့် အာဏာနဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ အသိပေးခဲ့တာပါ။
နိုင်ငံရဲ့အချုပ်အခြာကို မြန်မာပြည်သူလူထုက ပိုင်ဆိုင်ပြီး ပြည်သူ့ဆန္ဒသဘောအရသာ နိုင်ငံရဲ့ အနာဂတ်ကို ဖော်ဆောင်သွားနိုင်မယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
“မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦးကမျှ မြန်မာပြည်သူတို့၏ ဒီမိုကရေစီမျှော်လင့်ချက်နှင့် လွတ်လပ်မှုအတွက် ကြိုးပမ်းမှုများ ကို ပိတ်ပင်တားဆီးနိုင်မည်မဟုတ်ပါ” လို့လည်း CRPHက ထုတ်ပြန်ပါတယ်။
ဒါကြောင့် CRPH အနေနဲ့ မြန်မာပြည်သူများက ၎င်းတို့ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရပြီး ဒီမိုကရေစီ နည်းကျ လွတ်လပ်စွာ ၎င်းတို့အိမ်မက်ကို အကောင်အထည်ဖော်ဆောင်နိုင်မယ့် နိုင်ငံရေး အနာဂတ် ကို ဖန်တီးပေးနိုင်ရေးအတွက် ပြည်သူက အပ်နှင်းထားတဲ့ ဒီမိုကရေစီလုပ်ပိုင်ခွင့်အာဏာနဲ့ တာဝန်ကို ဆက်လက် တာဝန်ထမ်းဆောင်သွားမယ်လို့ ဖော်ပြပါတယ်။
၂၀၂0 နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က လက်မခံဘဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ စစ်အာဏာသိမ်းမှု ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
“ပြည်သူ့ဆန္ဒသည် လက်နက်ဖြင့် ဖျက်ဆီး၍မရသကဲ့သို့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် မတရားအုပ်ချုပ်မှုတို့ဖြင့်လည်း ပျောက်ကွယ်သွားမည်မဟုတ်ပါ။ ဒီမိုကရေစီ၏ အခြေခံအုတ်မြစ် ဖြစ်သော ပြည်သူ့ဆန္ဒနှင့် ပြည်သူ့အချုပ်အခြာအာဏာသည် ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါသည်” လို့ CRPHက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်တပ်က ၂၀၂၅-၂၀၂၆ အတွင်း အပိုင်းလိုက် ကျင်းပခဲ့သော အတုအယောင်ရွေးကောက်ပွဲဟာ ပြည်သူများရဲ့ လွတ်လပ်သော နိုင်ငံရေးဆန္ဒကို ထင်ဟပ်ခြင်း မရှိတဲ့အပြင် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှုရရှိစေဖို့နဲ့ စစ်တပ်က ကျူးလွန် ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများနဲ့ အခြား ဆိုးရွား ပြင်းထန်သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုမှ လွတ်မြောက်စေရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
စစ်တပ် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ တစ်ရပ်ရဲ့ အခြေခံစံနှုန်းများနဲ့ ကိုက်ညီမှုမရှိကြောင်း ထုတ်ပြန်ပါတယ်။
နိုင်ငံတကာ အစိုးရများ၊ လွှတ်တော်များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲရလဒ်နဲ့ အဲဒီကတဆင့် ပေါ်လာတဲ့ လွှတ်တော်၊ အုပ်ချုပ်ရေး ယန္တရားများကို အသိအမှတ်မပြုကြဖို့လည်း CRPHကတိုက်တွန်းထားပါတယ်။




















































