Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“မေနေပူပူအောက်မှာ ပျော်ပျော်ကြီး

စစ်ရှောင်ခဲ့ကြပြီးသည့်နောက်”

■ ထွင်

“သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ
ဓမ္မတာတည်း”

(အနန္တသူရိယ- မျက်ဖြေလင်္ကာ)

Public Service Announcement

Public Service Announcement

‘မေ’ လသည် မြန်မာနိုင်ငံတွင် အပူဆုံးလ ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင်ကို ထုတ်လွှင့်ပြသသကဲ့သို့ ‘မေ’ လ ရောက်တိုင်းလည်း ဆရာဝင်းဖေ၏ ‘မေလလယ်’ ဝတ္ထုတိုလေးကို ဖေ့ဘွတ်တွင် ဖတ်ရှုကြ၊ တင်ကြသည်။ ဝတ္ထုတိုလေးက ‘မေ’ လ ရောက်မှ ဖတ်လို့ကောင်းသည်တဲ့။ ပူချက်က ရက်စက်လှသည့်အကြောင်းများ ရေးထားသည်။

သည်လို ‘မေ’ နေပူပူအောက်မှာပင် ကျွန်တော်တို့တရွာလုံးသည် ပျော်ပျော်ကြီး စစ်ရှောင်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းရှိပါသည်။

မြန်မာနိုင်ငံမှာ မင်းအောင်လှိုင် အာဏာသိမ်းလိုက်အပြီး ငါးနှစ်ကျော်အတွင်း ကျွန်တော်တို့ရွာလေးသည် စစ်မရှောင်ရသည့်နှစ် မရှိခဲ့ပေ။ တနှစ်လျှင် ၁၀ ကြိမ်ကျော် စစ်ရှောင်ကြရသည်။ တချို့အကြိမ်များဆို တလခန့်ကြာသည်အထိ စစ်ရှောင်ရက် ရှည်လျားခဲ့သည်။

စစ်ရှောင်ရချိန်များသည် ကျွန်တော်တို့တရွာလုံးအတွက် ဒုက္ခပင်လယ်ဝေကြရသည့်အချိန်များပင်ဖြစ်သည်။ စစ်ရှောင်ကြရတိုင်း၊ ဒုက္ခပင်လယ် ဝေရတိုင်း မအေရိုးမင်းအောင်လှိုင်ဟု နာနာကျည်းကျည်း ဆဲခဲ့ကြသည်။ ဒင်း အာဏာမက်လို့ ငါတို့ပြည်သူတွေ ဒုက္ခအတိရောက်ရတယ်၊ ယာတွေ ဖြောင့်အောင် မလုပ်နိုင်။ တောင်သူသိမ်းချိန်တွေ နောက်ကျရတယ်။ သီးနှံတွေ အလေအလွင့် ဖြစ်ရတယ်၊ ဒါတွေအားလုံးဟာ ဒင်းကြောင့် ဒင်းကြောင့် ဆိုပြီး ဆဲခဲ့ကြ၊ ကျိန်စာတိုက်ခဲ့ကြသည်။

သည်တခါ စစ်ရှောင်ရချိန်မှာတော့ မအေရိုးမင်းအောင်လှိုင်ဟု မဆဲကြတော့။ ‘မေ’ နေပူပူလောင်လောင်ကြီးရဲ့အောက်မှာမို့ မဆဲနိုင်။ မှတ်မှတ်ရရ ပြောရရင် မေလ ၂၂ ရက် ၂၀၂၆ ခုနှစ်။ ပူလောင်အပြင်းပြဆုံး ‘မေ’ လလယ်နေ့ကြီး။ ထိုနေ့တွင် ပူလောင်ပြင်းပြခဲ့သော်ငြား မနေ့ည မေလ ၂၁ ရက်က မိုးလေးရွာခဲ့တဲ့အတွက် နောက်နေ့မနက်မှာ တစ်ရွာလုံး မြေပဲစိုက်နေကြသည်။ သို့သော်လည်း မနေ့ညက မိုးရွာထားသည်နှင့် မတူအောင်ပင် ထိုနေ့က ‘မေ’ နေအပူသည် ပြင်းထန်လှသည်။ လူတိုင်း ပူလောင်အိုက်စပ်နေကြသည်။ အဝတ်မကပ်နိုင်ကြ။ ကိုယ့်အသားချင်းကိုပင် မထိနိုင်။ ကျောပူလွန်းသဖြင့် ပက်လက်လည်း မအိပ်နိုင်။ ဘေးတစောင်း အိပ်ရသည်။ ဘယ်ဘက်သို့ စောင်းအိပ်လျှင် ညာဘက်လက်က ခါးထောက်ထားရသည်။ ညာဘက်ဒူးကိုလည်း အပေါ်သို့ထောင်ကာ ကွေးထားရသည်။ အသားချင်း မထိနိုင်လောက်အောင် ပူလောင်လွန်းသောကြောင့်ပင်။

ထိုနေ့မတိုင်ခင် လေးငါးရက်အလိုက ကျနော်တို့ရွာလေးသည် ရေရှားပါးသည့်ဒဏ်ကို အလူးအလဲခံခဲ့ရသည်။ မနှစ်က မိုးနည်းခဲ့သဖြင့် ရွာ၏ အဓိက ရေကန်ကြီး ရေမပြည့်ခဲ့။ သည်နှစ်လည်း မိုးခေါင်ပြီး မိုးရွာချိန် နောက်ကျနေသဖြင့် ရွာ၏ အဓိကရေကန်ကြီးသည် ရေလုံးဝ ခန်းခြောက်သွားခဲ့သည်။

ထို့ကြောင့် ရွာ၏အရေးပေါ်စက်ရေတွင်းမှ ရေကို အသုံးပြုရသည်။ သို့သော် စက်ရေတွင်းသည်လည်း မနှစ်ကတည်းက မိုးခေါင်ခဲ့သဖြင့် မြေအောက်ရေ အလုံအလောက် မရှိတော့တဲ့အတွက် ရေလုံးဝ မထွက်တော့။ ထို့ကြောင့် ရေရဖို့ရာအတွက် ရေတွင်းတူးမှသာ ဖြစ်တော့မည်။ တွင်းရေထွက်မည့်နေရာသည် ရေလုံးဝ ခန်းခြောက်သွားသော အဓိက ရေကန်ကြီးထဲတွင်သာဖြစ်သည်။ ထို့ကြောင့် တစ်ရွာလုံး မည်သူကမျှ မခိုင်းစေဘဲနှင့် ကိုယ်ပိုင်ရေတွင်းလေးများ တူးကြရသည်။ သုံးအိမ်တစ်တွင်း၊ နှစ်အိမ်တစ်တွင်း တိုင်ပင်တူးပြီး မျှဝေသုံးစွဲရသည်။ စာရေးသူ ကျနော်လည်း ဝင်တူးခဲ့သည်။ ‘မေ’ နေပူပူအောက်၌ တူးခဲ့ရသော်လည်း မပင်ပန်းခဲ့ပေ။ တူးနေစဥ် ရေယိုစိမ့်သဖြင့် အေးမြမြရှိနေခဲ့သောကြောင့်ပင်။ ထိုနေရာသည် ရွာနှင့်တမိုင်ခန့် ဝေးသည်။ တွင်းရေကို ရေစည်လှည်း၊ လက်တွန်းလှည်း၊ ဆိုင်ကယ်တွေ သယ်ယူကြရသည်။ ထိုအချိန်၌ ဓာတ်ဆီတစ်လီတာလျှင် တသောင်းနှစ်ထောင်ခန့်ရှိနေသည်။ ရေတပုံးရဖို့ ဓာတ်ဆီတလီတာ အကုန်အကျခံနေရသည်။ ယာတွေလည်း မလုပ်နိုင်။ တခြားဝင်ငွေရမည့် မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ရေရဖို့သာ အဓိကဖြစ်နေသည်။ တချို့ဆို တညလုံး မအိပ်ဘဲ ညလုံးပေါက် ခပ်ကြသည်။ ညလုံးပေါက် ခပ်သူများကြောင့် ပင်ပင်ပန်းပန်း ရေတွင်းတူးခဲ့သူတို့သည် ကိုယ်ပိုင်ရေတွင်းမှ ရေတစက်မျှ မခပ်လိုက်ကြရပေ။ ထိုသို့ ဒုက္ခအဖုံဖုံ ကြုံနေရချိန်၌ ‘စစ်’ ပါ ထပ်ပြီး ရှောင်ရမည်ဟု ကြားသိလိုက်ရသောအခါ ကျနော်တို့သည် ဒုက္ခပါလားဟု မညည်းညူနိုင်တော့ပေ။ အဘယ်ကြောင့်နည်း။ စစ်ရှောင်ရာအရပ်မှာ ရေပေါနေသောကြောင့်လား။ မဟုတ်ပေ။ စစ်ရှောင်ရာအရပ်လည်း ရေရှား၏။ ကန်ရေမရှိ။ စက်တွင်းရေသာရှိသည်။ ဒါဖြင့် ဘာကြောင့် စစ်ရှောင်ရသည်ကို ပျော်မိကြသလဲ။ အကြောင်းရှိပါသည်။

မေလ ၂၀ ရက်လောက်က ဖြစ်သည်။ ရွာ့တောင်ပိုင်းကနေ တိုက်ပွဲသံများ ကြားနေရသည်။ တအုန်းအုန်း၊ တဒိုင်းဒိုင်းနှင့်။ တစ်ရွာလုံး တွင်းရေခပ်ရင်း တိုက်ပွဲသံကို နားစွင့်နေရသည်။ တိုက်ပွဲကြောင့် ရန်သူ့ဘက်က လေယာဥ်ပစ်ကူလာလျှင် ရေခပ်နေသော တစ်ရွာလုံး ဗုံးကြဲခံရနိုင်သည်။ ထို့ကြောင့် တရွာလုံး လေယာဥ်ကိုလည်း သတိထားနေရသည်။

တိုက်ပွဲဖြစ်နေရာသည် သရက်ကန်ပျူစောထီးရွာအား တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံက သိမ်းပိုက်နေခြင်းဖြစ်ကြောင်း ကြားသိလိုက်ရသည်။ သရက်ကန်ပျူစောထီးရွာသည် ကျွန်တော်တို့ရွာ၏ တောင်ဘက်တွင်ရှိပြီး ကြားတွင် သုံးလေးရွာခြားသည်။ ထို့ကြောင့် ကျွန်တော်တို့ရွာနှင့် မဝေးပေ။ ထို့ကြောင့် တရွာလုံးသည် တိုက်ပွဲအောင်မြင်စေဖို့ ဆုတောင်းနေကြသည်။

ရန်သူဘက်က အထိနာသောကြောင့် တိုက်လေယာဥ်ကြီးများ ပျံဝဲလာသည်။ လေယာဥ်တစင်းဆိုလျှင် သရက်ကန်ရွာအား ပတ်ပတ်လည်ဝိုင်းပြီး တပတ်လျှင် ဗုံးနှစ်လုံးချသည်။ တော်လှန်ရေးသမားတို့ ရှိနိုင်မည်ထင်ရသော နေရာများသို့ မှန်းပြီး ချခြင်းဖြစ်သည်။ လေယာဥ်အား ကျနော်တို့ရွာကနေ မြင်နေရသည်။ ထိုလေယာဥ်သည် သရက်ကန်ရွာ ပတ်ပတ်လည်သို့သာ ချမှန်း သိသဖြင့် ကျနော်တို့သည် လေယာဥ်ရန်ကို မကြောက်တော့ဘဲ ပတ်ပတ်လည် လှည့်နေသည်ကို ထိုင်ကြည့်နေမိသည်။ တပတ်လျှင် နှစ်လုံးစီချကြောင်း သိလိုက်ရသဖြင့် အလုံးရေကို ရေတွက်နေသည်။ စုစုပေါင်း အလုံးနှစ်ဆယ်ချမှန်း သိလိုက်ရသည်။ ချလိုက်သော ဗုံးအလုံးတိုင်းသည် အလွန်အန္တရာယ်များသည်။ ထိမှန်သော အရာတိုင်းကို စိစိညက်ညက် ကြေစေနိုင်သည်။ တော်လှန်ရေးသမားတိုင်း အသက်ပျောက်နိုင်သည်။ သရက်ကန်ရွာပတ်ပတ်လည်မှ ရွာများမှ ပြည်သူများကတော့ တိုက်ပွဲ စကတည်းက ကြိုတင်စစ်ရှောင်ထားကြသဖြင့် အန္တရာယ်ကင်းသည်။

သရက်ကန်ပျူစောထီးရွာအား သိမ်းပိုက်နိုင်ပါစေဟု ဆုတောင်းရင်း နေဝင်သွားသည်။

ထိုည၌ မိုးရွာသည်။ ဒီနှစ်အတွက် ပထမဆုံးအကြိမ် သည်းသည်းမည်းမည်း ရွာသော မိုးဖြစ်သည်။ မိုးရွာသောကြောင့် ရေ အလွန်အမင်း လိုအပ်နေသောတရွာလုံး ပျော်သည်။ အိမ်ရဲ့ တံစက်မြိတ်ကနေကျလာသော ရေများကို တစက်မျှပင် အလေအလွင့် မဖြစ်အောင် ခံယူကြသည်။ ထည့်ယူကြသည်။ တိုက်ပွဲအောင်မြင်ခြင်းကြောင့် ကောင်းချီးပေးသော မိုးရေစက်များ ဖြစ်ပါစေဟုလည်း ဆုတောင်းနေကြသည်။

ကျနော်တို့ဆုတောင်းများ ပြည့်ခဲ့ပါသည်။ မနက်လင်းတော့ တောင်သူများ ယာထဲဝင်ပြီး မြေပဲစိုက်နေကြသည်။ တိုက်ပွဲသံများ တိတ်ဆိတ်နေသည်။ ထိုစဥ် တော်လှန်ရေးသမားတို့၏ ကားတစီးသည် မြေပဲစိုက်နေသော ယာများ၏ ဘေးကနေ ဖြတ်မောင်းသွားသည်။ ကားပေါ်တွင် ဆိုင်ကယ်များ (၈) စီးခန့် တင်ဆောင်လာသည်ကို တွေ့လိုက်ရရာ မနေ့က တိုက်ပွဲသည် အောင်မြင်ခဲ့ကြောင်း အတပ်သိလိုက်ကြသည်။ နောင် ထပ်ဆင့်သိရသော အကြောင်းများကား စစ်သားများ၊ ပျူစောထီးများနှင့် သရက်ကန်ရွာတွင် ပိတ်မိနေသော ပြည်သူများ စုစုပေါင်း လေးဆယ်ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း၊ တချို့ စစ်ခွေးများနှင့် ပျူစောထီးများက မနေ့ညက ရွာသောမိုးနှင့်အတူ သရက်ကန်ရွာ တောင်ဘက်က တွင်းမ ပျူစောထီးရွာသို့ ထွက်ပြေးသွားကြကြောင်း၊ တော်လှန်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း။

ဆိုင်ကယ်များသည် ပျူစောထီးရွာက ယူဆောင်လာကြောင်း၊ ထိုဆိုင်ကယ်များသည် ပြည်သူများ၏ ဆိုင်ကယ်များဖြစ်ပြီး ပျူစောထီးများက လုယူထားကြောင်း ကျနော့်အတွေ့အကြုံများအရ သိလိုက်သည်။ ထို့ကြောင့် ကျနော်သည် ထွန်တုံးကိုမောင်းရင်း ပျော်လိုက်တာဟု အော်သည်။ ဘေးယာက ကောင်မလေးတယောက်ကိုလည်း စ လိုက်မိသေး သည်။

ဟဲ့ မိသဲ နင်က ပျူမလား၊ ဖွတ်မလား။ ဟင် ဘာလို့ မေးတာလဲ။ အခုပဲ သရက်ကန်ပျူရွာကို သိမ်းလိုက်ပြီလေ ပျော်လေ နင့်မျက်နှာက ပျော်နေတဲ့ပုံလည်း မပေါက်ဘူး။ အဲ့လိုလည်း မဟုတ်ပါဘူးဦးထွင်ရဲ့၊ အရမ်းပျော်နေတာပါ။ အေးပါ အေးပါ၊ သရက်ကန်ပြီးပြီဆိုတော့ ဘယ်ရွာအလှည့်ဖြစ်မလဲ။ တွင်းမရွာပဲ ဖြစ်ရမှာပေါ့ဦးထွင်ရဲ့၊ သရက်ကန်ရဲ့ တောင်ဘက်နားလေးမှာပဲဟာကို။ ဟုတ်တယ် ဟုတ်တယ်၊ တွင်းမရွာရော ရတော့မယ်၊ ပျော်သလေလေ့ ပျော်သလေ့။

ယာစိုက်အပြီး အိမ်ပြန်ကြတော့ ‘မေ’ နေကြီးက ပူပြင်းလှသည်။ မနေ့ညက မိုးရွာထားသည်နှင့်ပင် မတူတော့အောင်ပင်။ မနေ့ညက ရွာသော မိုးက အချိန်အခါမဟုတ်ရွာသော မိုးများလား။ မိုးလေဝသ ဦးထွန်းလွင် ကွယ်လွန်သည့်နေ့မှာ အချိန်အခါမဟုတ် တစ်နိုင်ငံလုံး မိုးရွာခဲ့သည်။ ထိုစဥ်က မိုးကို မလိုအပ်သော အချိန်ဖြစ်သည်။ ကျနော်တို့ဆို မြေပဲ ဖော်နေသော နေ့ဖြစ်ကြောင်း မှတ်မိနေသေးသည်။

ဦးထွန်းလွင်အတွက် မိုးကောင်းကင်ကြီးကပင် ငိုကြွေးလိုက်ခြင်းများလားဟု။ ယခု မနေ့ညက ရွာလိုက်သော မိုးကလည်း အချိန်အခါကြောင့်မဟုတ်ဘဲ အောင်ပွဲအတွက် ရွာခြင်းသက်သက်လားဟု သံသယဝင်မိလောက်အောင် ပူပြင်းခြင်းဖြစ်သည်။ ထိုသို့ ပူပြင်းနေချိန်၌ တရွာလုံး သတင်းဆိုး ကြားလိုက်ရသည်။ အကြောင်းကား ရွာ၏ မြောက်ဘက်တွင် တပ်စွဲထားသော စစ်တပ်ပိုင်စက်ရုံသို့ စစ်ခွေးအင်အား တစ်ရာကျော်မျှ လေယာဥ်နှင့် လာချသည်ဟု သတင်းကြားလိုက်ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တစ်ရွာလုံး စစ်ရှောင်ရမည်တဲ့။

ရှေ့တွင် ပျူစောထီးရွာတစ်ရွာကို သိမ်းပိုက်ပြီးသွားလျှင် ထိုရွာနှင့်နီးသော ပျူစောထီးရွာအား ဆက်တိုက် သိမ်းပိုက် နိုင်ခဲ့သော အဖြစ်အပျက်များ ကျနော်တို့နယ်တွင် ရှိခဲ့ဖူးသည်။ ထို့ကြောင့် ယခု သရက်ကန်ရွာအား သိမ်းပိုက်ပြီးသွား သောအခါ ရွာ့မြောက်ဘက်မှ စစ်တပ်ပိုင်စက်ရုံအား သိမ်းပိုက်မည်အထင်နှင့် စစ်ကူလှမ်းတောင်းလိုက်ဟန်တူသည်။ ထို့ကြောင့် ကျနော်တို့တရွာလုံး စစ်ရှောင်ရတော့မည်။ ထိုစစ်ကူက ကျနော်တို့ရွာထံ လာမည်ဟု မသေချာဘူးဆိုလျှင်တောင် ကျနော်တို့ရွာလေးသည် ထိုစစ်ကူ အလုံးလိုက်အရင်းလိုက် ရောက်လာတိုင်း စစ်ရှောင်ကြရစမြဲ။ အကြောင်းမူ ထိုစစ်တပ်ပိုင်စက်ရုံနှင့် ကျနော်တို့ရွာလေးသည် အလွန်နီးကပ်ထိစပ်နေသောကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့် ကျနော်တို့တအိမ်လုံးရော တရွာလုံးပါ စစ်ရှောင်ရန်အတွက် အလုပ်ရှုပ်သွားကြတော့သည်။ ကျောပိုးအိတ်ထဲ အရေးကြီးသည်များကို ထည့်သည်။ ထုပ်ပိုးသည်။ နွားစာခြောက်များကို ပီနံအိတ်ထဲ ထည့်သည်။ တခြား ချက်စရာပြုတ်စရာ ဆန်၊ဆီ၊ဆားအပြင် အိုးခွက်ပန်းကန်များလည်း လှည်းပေါ်အပြည့်အသိပ်တင်သည်။ စိုက်လို့မပြီးသေးသော မြေပဲဆံများကို အကုန်မတင်နိုင်သဖြင့် ဝှက်ရသည်။ ရွှေ့ရသည်။ ‘မေ’ နေမွန်းတည့်ချိန်ဖြစ်သဖြင့် ပူပြင်းကာ မောသည်။ စိတ်

တိုသည်။ သို့သော်လည်း တအိမ်လုံး ကျနော့်လိုမဖြစ်စေရန် အားပေးစကားပြောရသည်။

သည်တခါ စစ်ရှောင်ရတာ တန်ပါတယ်၊ သရက်ကန်ရွာကို ရပြီပဲလေ၊ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့၊ သရက်ကန်ရွာဆို ငါးနှစ်လုံးလုံး ဒုက္ခခံလာခဲ့တာ၊ ကျုပ်တို့ရဲ့ ဒီလောက်ဒုက္ခကတော့ အပျော့ပါ၊ ဒါ့ကြောင့် ဒီတခါစစ်ရှောင်ရတာအတွက် ဘယ်လိုမှ စိတ်မရှိလိုက်နဲ့ ဟု။

ထိုသို့ အားပေးရင်း ကျနော်သည် ‘မေ’ နေပူပူအောက်မှာပင် ပျော်ပျော်ကြီး စစ်ရှောင်လိုက်မိသည်။ စစ်ရှောင်စဥ် ကြုံခဲ့ရသော ဒုက္ခအဖုံဖုံကိုတော့ စာမစီချင်တော့ပေ။

ထို မေ ၂၂ နေ့ညမှာပဲ သတင်းဆိုးကို စစ်ရှောင်ရာ အရပ်ကနေ ကြားသိလိုက်ရသည်။ ရွာမှာ ဒရုန်းရန်ကြောင့် သုံးယောက် ကျခဲ့ပြီဟု။ စစ်တပ်ပိုင်စက်ရုံသို့ ရောက်လာသော စစ်ကူခွေးများသည် ရောက်ရောက်ချင်း ကျနော်တို့ ရွာဘက်သို့ ဒရုန်းဖြင့် ဝဲလာတော့သည်။ သရက်ကန်ရွာကို သိမ်းပိုက်လိုက်သော တော်လှန်ရေးသမားများသည် စစ်တပ်ပိုင်စက်ရုံကို သိမ်းမည်အထင်နှင့် ဒရုန်းဖြင့် စောင့်ကြည့်ဟန်တူသည်။ ထိုဒရုန်းသည် ကျနော်တို့ရွာထဲသို့ ကျသည်။ ရွာတွင် အစောင့် ကျန်ရစ်ခဲ့သော ကျနော့ရွာက ပီဒီအက်ဖ်လေးနှင့် တခြားရွာက ပီဒီအက်ဖ်လေးရော၊ ရွာထဲက ဦးလေးကြီးတယောက်ရော၊ သုံးယောက် ပွဲချင်းပြီး ကျဆုံးသွားခဲ့ရသည်။

ဦးလေးကြီးသည် စစ်ရှောင်ရန် နောက်ကျခဲ့သဖြင့် ကျဆုံးရခြင်းဖြစ်သည်။ ကျနော်သည်ပင် ကံကောင်းလို့ လွတ်ခဲ့သည်။ စစ်ရှောင်ရန် ပြင်ဆင်စဥ်က ပူလွန်းသဖြင့် ချွေးဒီးဒီးကျနေခဲ့သည်။ ထို့ကြောင့် အအေးခံပြီး၊ ရေချိုးပြီးမှ ထွက်လာခဲ့မည်ဆိုပြီး မိသားစုကို အလျင်ဆုံးလွှတ်လိုက်သည်။ ကျနော်သည်ပင် နောက်ကျမှ စစ်ရှောင်ခဲ့သူဖြစ်ခဲ့ရာ ကံကောင်းလို့ သေကံမရောက်ခဲ့ပေ။

နောင်နေ့များမှာတော့ သရက်ကန်ပျူစောထီးရွာသိမ်းပွဲအား သတင်းဌာနကြီးများမှတစ်

ဆင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ပြည်သူတရပ်လုံး၏ ချီးကျူးထောပနာသံများ ဝေဆာခဲ့သည်။ NUG / MOD ကလည်း သရက်ကန် ပျူစောထီးရွာသိမ်းပွဲတွင် ပါဝင်ခဲ့သော တော်လှန်ရေးသမားများအားလုံးကို ဂုဏ်ပြုစာ ထုတ်ပြန်ခဲ့သည်။ ထိုအောင်ပွဲ၏ နောက်ဆက်တွဲအကြောင်းများကား ကျနော်တို့ရွာတွင် ဖြစ်ပျက်လျက် ကျန်နေခဲ့သည်။

နောင်နေ့တွင် တိုက်ပွဲဝင်ရဲဘော်များအတွက် ထမင်းထုပ်သွားပို့သော ရဲဘော်သုံးဦးနှင့် ပြည်သူတဦးသည် စစ်တပ်ပိုင်စက်ရုံမှာ စစ်ခွေးတို့၏ ကင်းပုန်းနှင့်တိုးမိသဖြင့် လေးဦးစလုံး ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည်။ ထိုလေးဦးထဲတွင် ကျနော်တို့ရွာက ရဲဘော်တဦးပါသည်။ ဆိုတော့ဖြင့် သရက်ကန်ပျူစောထီးရွာသိမ်းပွဲ၏ နောက်ဆက်တွဲအနေနှင့် ကျနော်တို့ရွာက ရဲဘော်နှစ်ဦးနှင့် ပြည်သူတဦး ကျဆုံးခဲ့ရပြီး တရွာလုံးလည်း စစ်ရှောင်နေရသည်။ သရက်ကန်ရွာကိုရဖို့ ကျနော့ရွာလေးက ပေးဆပ်နေရသလို ဖြစ်နေသည်။

သရက်ကန်ရပြီးနောက်ပိုင်း စစ်ရှောင်ရက် အရှည်ကြာဆုံးသည် ကျနော့်ရွာလေးသာ ဖြစ်သည်။ သည့်အတွက်ကြောင့် သရက်ကန်ရွာကိုရော၊ သရက်ကန်သိမ်းပွဲကို ဖော်ဆောင်သော တော်လှန်ရေးသမားများအားလုံးကိုရော အပြစ်တစုံတရာ မဆိုမိပါ။

သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း … ဟု ကျနော့်ကိုယ်ကျနော် နှစ်သိမ့်လိုက်မိသည်။ သည်လိုအဖြစ်အပျက်များကို စတင်ခြင်းသည် မင်းအောင်လှိုင် အာဏာ

သိမ်းခြင်းကနေ စတင်ခြင်းဖြစ်သဖြင့် မင်းအောင်လှိုင်ကိုသာ အပြစ်တင်ပါသည်။

သည်စာမူကို စစ်ရှောင်နေဆဲဖြစ်သော မေလ ၃၁ ရက်နေ့တွင် ရေးပြီးသည်။ စစ်တပ်ပိုင်စက်ရုံမှ စစ်ခွေးအင်အား အလုံးအရင်းသည် ထိုစက်ရုံတွင် ရှိနေဆဲဖြစ်သည်။ကျနော်တို့ရွာထဲသို့နှစ်ကြိမ်ဝင်ရောက်ကာပစ္စည်းပစ္စယများကို ခိုးဝှက်ယူဆောင်သွားခဲ့ပြီးဖြစ်သည်။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ထွင်’ရေးဖွဲ့တဲ့ “”မေနေပူပူအောက်မှာ ပျော်ပျော်ကြီး စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

■ ​နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ရသစာတမ်းငယ်

လက်ထဲမှာ ၁၇၀၀ရှိတယ်။ ဒါပေမယ့် အဲ့အကြွေအတိုအစလေးတွေက အခုအချိန်မှာ ဘာမှအသုံးမ၀င်နေခဲ့ပါဘူး။ အိမ်မှာသာဆို ရေခဲမုန့် (၅) ခွက်လောက်၀ယ်စားမိမယ် ထင်တယ်။ ဒါမှမဟုတ် အာလူးကြော်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ၀က်သားဒုတ်ထိုးလေးပဲဖြစ်ဖြစ်ပေါ့။

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ Public Service Announcement (The Call...

Facebook