အောက်တိုဘာ ၁၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
အာဏာသိမ်းစစ်တပ် ဗုံးပတ်ကြဲနေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မနေ့ညက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၃ ရက် မနက် ၁ နာရီ ၅ မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက် ၄၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီငလျင်ဟာ စစ်ကိုင်းတိုင်းတင်မကဘဲ မန္တလေးမြို့နဲ့ အနီးတဝိုက်အထိပါ သိသာစွာ လှုပ်ခတ်သွားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ “အသံကြီးနဲ့မြည်ပြီးလာတာ။ အိမ်တောင်တော်တော်လှုပ်သွားတယ်”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီငလျင်ကြောင့် ပျက်စီးထိခိုက်မှု ရှိ၊မရှိ မသိရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ ရွှေဘိုနဲ့ မုံရွာခရိုင်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေတာပါ။
အောက်တိုဘာ ၁၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်ဘုန်းကြီး ကျောင်း၊တရားစခန်းကို စစ်တပ်ကဗုံးကြဲခဲ့တာမို့ ပြည်သူ ၂ဦး သေဆုံးခဲ့ပါတယ်။ မနေ့က အောက်တိုဘာ ၁၂ ရက်မှာလည်း ဝက်လက်မြို့နယ်၊ အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။



















































