အောက်တိုဘာ-၁၃၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦး သေဆုံးပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ပါတယ်။
မနေ့က(အောက်တိုဘာ ၁၂ ရက်)နေ့လယ် ၁၂ နာရီ၀န်းကျင်က သရက်အခြေစိုက် အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) က ပါရာမော်တာ ၂စီးနဲ့ မင်းတုန်းမြို့နယ် ၊မဲဇလီကျေးရွာကို ဗုံး၈ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မဲဇလီကျေးရွာသား အသက် ၄၀ အရွယ် ဦးစည်သူ ဆိုသူသေဆုံးခဲ့ပြီး နေအိမ် ၂လုံးလည်း ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ တွေနေထိုင်ရာ နေရာတွေကို လေကြောင်းကတဆင့်ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို နေ့စဥ်ရက်ဆက်လိုလို ကျူးလွန်လျှက်ရှိတယ်လို့သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာ ၈ ရက်ကလည်း မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိထားပါတယ်။
“ကြဲနေတာက နေ့တိုင်းနီးပါးပဲ။သရက် ကပစ ၁၂ မှာလည်း ပါရာမော်တာတွေ ထိုင်ထားတော့ ပိုဆိုးတယ်။တခါလာကြဲ ရင် ဂျက် နှစ်စီး၊ ပါရာ သုံးစီးပဲ”လို့ မင်းတုန်း ဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်နဲ့ မကွေးအစပ် မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမပေါ် တက်ဖို့ကြိုးစားနေတဲ့ အာဏာသိမ်း စစ်တပ်စစ်ကြောင်းတွေ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် လန်ကျနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးရဲဘော်တချို့က လူထုနွေဦးကို အသိပေးထားပါတယ်။
“စခ စစ်ကြောင်းတွေကတော့ ရိုးအခြေတွေမှာ ရှိနေဆဲပါပဲ။တက်ဖို့ကြိုးစားတယ် မတက်နိုင်ဘူးပေါ့။အဲ့ဒီ တော့ လနက(လက်နက်ကြီး) ပစ်တယ် ။ဂျက်ဖိုက်တာ ၊ပါရာမော်တာတွေနဲ့ လေကြောင်းလာတယ်”လို့
မင်းတုန်းမြို့နယ် တော်လှန်ရေးရဲဘော်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါ် တာဆွဲထားတဲ့ စစ်မှုထမ်းတပ်သား(ပစ) အများအပြားကို အသုံးချကာ မင်းတုန်းမြို့နယ်အတွင်းက ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ နဲ့ ရခိုင်ရိုးမပေါ် တက်နိုင်ဖို့ ကြိုးစားနေပေမယ့် အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်ပေါင်းစုက ခုခံကာကွယ်နေပါတယ်။
အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ဦးတည်ပြီး စစ်တပ်က အင်အား ၁၀၀၀ ကျော်သုံးကာ မင်းတုန်းမြို့အနောက်ခြမ်းကို ဇွန်လကစပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။



















































