Connect with us

Hi, what are you looking for?

အတွေးအမြင်

အာဏာရှင်ပွဲခင်း

“စာဥစစ်ဆင်ရေး”ဆိုတဲ့ဖြစ်ရပ်တစ်ခု မြန်မာ့အတိတ်သမိုင်းမှာ ရှိခဲ့ပါတယ်။

(ရန်ကုန် နဲ့ မန္တ​လေးမြို့က ပွဲ​ဈေး​တွေ။ ဓါတ်ပုံ-လူထု​နွေဦး ၊CJ)

ကိုး ရေးသားသည်။

“စာဥစစ်ဆင်ရေး”ဆိုတဲ့ဖြစ်ရပ်တစ်ခု မြန်မာ့အတိတ်သမိုင်းမှာ ရှိခဲ့ပါတယ်။

ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို အာဏာပိုင်တွေဘက်က ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်ချိန် အော်ဟစ်ညည်းငြူသံတွေ ပြင်ပကမကြားရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဟင်္သာတထွန်းရင်ရဲ့ ‘စာဥ’ သီချင်းကို လော်စပီကာတွေနဲ့ အဆက်မပြတ်ဖွင့်ခဲ့တဲ့ဖြစ်ရပ်ပါ။

လွန်ခဲ့တဲ့ ၃၆ နှစ်။ ၁၉၉၀ ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့က အင်းစိန်ထောင်တွင်းမှာဖြစ်ခဲ့တာပါ။ သမိုင်းမှတ်တမ်း တွေအရတော့ အဲဒီကာလ အစာငတ်ခံဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လမ်းပေါ်ဆွဲထုတ်ရိုက်နှက်ရာမှာ ပြင်ပကလူတွေ မကြားသိရအောင် ‘စာဥ’ သီချင်းကို ကျယ်လောင်စွာ အဆက်မ ပြတ်ဖွင့်ပြီး ဖုံးအုပ်စေခဲ့တာပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသူတွေထဲ သေဆုံးသူတွေ၊ အပြင်းအထန်ဒဏ်ရာရသူတွေရှိခဲ့သလို မသန်စွမ်းဘဝ ရောက်သွားပြီး ဒီနေ့ကာလအထိ ဒုက္ခိတဘဝနဲ့နေရသူတွေရှိတယ်လို့လည်း အဲဒီကာလတုန်းက ထောင်ထဲမှာရှိနေ ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒဏ္ဍာရီမဟုတ်၊ ပုံပြင်မဟုတ် တဲ့ ဒီဖြစ်ရပ်မှန်က မြန်မာ့နိုင်ငံရေးရပ်ဝန်းမှာ နာမည်ကြီးပါတယ်။ဒီစာဥစစ်ဆင်ရေးဟာ အာဏာရှင်ဘက်က ရက်စက်ယုတ်မာကောက်ကျစ်မှုကို အထင်းသားတွေ့မြင်စေတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။

ဒါနဲ့အလားသဏ္ဍာန်တူတဲ့ဖြစ်စဉ်မျိုး မြန်မာ့သမိုင်းထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ကျော်တုန်းကလည်း ရှိခဲ့ပါတယ်။ သီပေါဘုရင်နန်းတက်ပြီးနောက် နန်းလုနိုင်ချေရှိတယ်လို့ သံသယရှိတဲ့ တော်ဝင်မိသားစုဝင်တွေနဲ့ မင်းညီမင်းသား အများအပြားကို ၁၈၇၉ ခုနှစ်မှာ ဖမ်းဆီးကွပ်မျက်ခဲ့ပါတယ်။ အဲ့ဒီလိုကွပ်မျက်ချိန် ပြင်ပလူတွေ သတိမမူမိအောင် နန်းတွင်းထဲမှာ ပွဲလမ်းသဘင်တွေ စည်စည်ကားကားစီစဉ်ကျင်းပစေခဲ့တာပါ။

ဒီလိုစီမံဆောင်ရွက်ခဲ့မှုနဲ့ပတ်သက်ပြီး တက္ကသိုလ်စိန်တင်က သူ့ရဲ့ “ဧကရီမဖုရား”ဆိုတဲ့စာအုပ်ထဲမှာ “မင်းညီမင်း သားတွေကို ကွပ်မျက်မည့်ညဉ့်မတိုင်မီကပင် တင်ကြို၍ နေပြည်တော်တစ်ခွင်မှာ ကြည့်ချင်ပွဲတွေ၊ ဇာတ်၊ အငြိမ့်၊ ရုပ်သေးပွဲတွေ ခင်းကျင်းကပြရန် စီစဉ်သည်။ မြို့အုပ်ခွန်အုပ်တို့က စီစဉ်ပေးကြ၊ သူကြီးတွေက ဆောင်ရွက်ကြ၊ ဆယ်အိမ်ခေါင်းတွေက နာခံကြ၊ ရပ်ကွက်တိုင်းမှာ ပွဲခင်းကြ၊ လမ်းဆုံလမ်းခွတိုင်းမှာ ဇာတ်ကကြ၊ ဘုရင်မင်းတရား ကြီးနှင့် မိဖုရားကြီးတို့၏ ဘုန်းကံရှိန်ဝါ ထွန်းတောက်ပုံ၊ ရန်သူတွေအပေါ် အောင်မြင်ပုံ၊ နိုင်ငံတော်ကြီးအေးချမ်းသာ ယာပုံကို သရုပ်ဖော်သောဇာတ်လမ်းတွေ ရေးကြ၊ သီကြ၊ ဆိုကြ၊ ကကြစေ။

ဘုန်းတော်ကြီးမြတ်တော်မူသော ဘုရင် ထီးဘုရားအမိန့်တော်…။ အမိန့်ဆိုတော့ နာခံကြဖို့ပဲ။ မြို့အုပ်ခွန်အုပ်တို့ အလုပ်ရှုပ်ကြပြီ။ သူကြီးနှင့် ဆယ်အိမ် ခေါင်းတို့လည်း မနားကြရ၊ ဇာတ်ပွဲရှာရ၊ အငြိမ့်ကိုခေါ်၊ ရုပ်သေးပွဲကို ဆင့်ရနှင့်။ ဇာတ်အငြိမ့် ရုပ်သေးပွဲမှ ရှာမရသူ တို့က အရပ်ထဲမှာ ရသမျှ လူစု၍ ခြေမြှောက်လက်မြှောက်လုပ်တတ်လျှင် ပြီးရော၊ စင်ပေါ်တက်ရဲလျှင်ပြီးရော၊ပွဲကနိုင်လျှင် တော်ပြီ၊ ဖြစ်သည့်နည်းဖြင့် စီစဉ်ကြရတော့သည်”ဆိုပြီး ပုံဖော်ထားပါတယ်။

ဒီလိုနဲ့ ခေတ်တွေသာ တစ်ခေတ်ပြီးတစ်ခေတ်ပြောင်းလာခဲ့ပေမယ့် အာဏာရှင်တို့ရဲ့ ဒီလုပ်ရပ်မျိုးကတော့ ပြောင်း လဲမသွားပါဘူး။ နန်းတွင်းကွပ်မျက်မှုမှာ လူမသိအောင် ပွဲလမ်းသဘင်တွေနဲ့ ဖုံးအုပ်စေခဲ့သလို ထောင်တွင်းညှဉ်းပန်း နှိပ်စက်မှုမှာ လူမသိအောင် လော်စပီကာသံတွေနဲ့ အသံဖုံးစေခဲ့တဲ့ဖြစ်ရပ်တွေနဲ့ ထပ်တူညီတဲ့လုပ်ရပ်မျိုး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်းလုပ်လာပါတယ်။

အပြစ်မဲ့ပြည်သူတို့အပေါ် လေယာဉ်နဲ့ ဗုံးကြဲ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်၊ ကလေးငယ်ကစ သက်ကြီး ရွယ်အိုအထိ ချမ်းသာမပေးဘဲ ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတာတွေကို ဖုံးအုပ်နိုင်ဖို့၊ ချွတ်ခြုံကျလာတဲ့စီးပွားရေးနဲ့ငွေကြေးဖောင်းပွမှုအောက်မှာ နေ့စဉ်နဲ့အမျှကြုံတွေ့လာနေရတဲ့ ကြီးမြင့်တဲ့ ကုန်စျေးနှုန်းရဲ့ ရိုက်ခတ်မှုအပေါ် ညည်းညူကြတဲ့ လူထုရဲ့အသံတွေကို ဖုံးအုပ်နိုင်ဖို့၊ အာဏာရှင်လက်အောက်မှာ ကြုံနေရတဲ့ အခက်အခဲအကျပ်အတည်းမျိုးစုံနဲ့ပတ်သက်ပြီး ညည်းညူကြတဲ့လူထုအသံကို ဖုံးအုပ်နိုင်ဖို့အတွက် ပွဲလမ်းသဘင် တွေကို အခါမလပ်စီစဉ်ကျင်းပနိုင်ရေး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါ တစ်သိုက်က စီမံလာပါတယ်။

အခုဆို ၁၂ ပွဲစျေးသည်တွေကို တင်ဆောင်ထားတဲ့ပင်လယ်ဓားပြလှေကြီးရန်ကုန်၊ မန္တလေးနဲ့တကွ အာဏာသိမ်း စစ်တပ်စိုးမိုးရာ အခြားသောနယ်မြေတချို့မှာ ခရီးပြင်းနှင်နေပါတယ်။ တစ်မြို့ပြီးတစ်မြို့၊ တစ်ရပ်ကွက်ပြီးတစ် ရပ်ကွက်၊တစ်နယ်ပြီးတစ်နယ် လွန်းထိုးကာ သွားလာနေပါတယ်။ ဒီလှေက သာမညောင်ညလှေ မဟုတ်ပါ။ အာဏာသိမ်းစစ်ခေါင်းဆောင် အလောင်းစည်သူ မင်းမတရားကြီး မင်းအောင်လှိုင်ရဲ့ လက်ညှိုးညွှန်ရာပွဲဖြစ်စေ ဆိုတဲ့အမိန့်နဲ့ သွားလာနေတာပါ။

အဲဒီပင်လယ်ဓားပြလှေကြီးဟာ တက္ကသိုလ်စိန်တင်ရဲ့ “အရပ်ထဲမှာ ရသမျှလူစု၍ ခြေမြှောက်လက်မြှောက် လုပ် တတ်လျှင် ပြီးရော၊ စင်ပေါ်တက်ရဲလျှင်ပြီးရော၊ ပွဲကနိုင်လျှင် တော်ပြီ”ဆိုတဲ့စကားအတိုင်း အနုပညာပေမမီ၊ ဒေါက် မမီ၊ လူရွှင်တော်လိုလို၊ အဆိုတော်လိုလို၊ ဇာတ်ရူးလိုလို၊ နတ်ရူးလိုလိုတွေကို သူ့အပေါ်မှာတင်၊ ၁၂ ပွဲဈေးသည် တွေကိုတင်လို့ အာဏာရှင်အလိုကျ တစ်နယ်ပြီးတစ်နယ် ခြေဆန့်နေပါတယ်။ ရောက်ရာအရပ်၊ ရောက်ရာဒေသက လမ်းဆုံလမ်းခွတွေမှာ သံချောင်းတွေမြေမှာ အခိုင်အမာစိုက်လို့ အာဏာရှင်အလိုကျ အသုံးတော်ခံနေပါတယ်။ အဲဒီလှေကြီးခြေဆန့်ခရီးဆက်နိုင်ဖို့ ဆိုင်ရာရပ်ကွက်၊ မြို့နယ်၊ ခရိုင်စတဲ့အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးတွေက လက်ဆင့်ကမ်းတာဝန်ယူပေးကြရပါတယ်။

ဒီလို ပင်လယ်ဓားပြလှေကြီးဦးစီးတဲ့ ပွဲတော်တွေနဲ့ပတ်သက်ပြီး အောက်တိုဘာလကနေ နောက်သုံးလအတွင်း မြို့နယ် ၁၄ ခုမှာ ပွဲတော်တွေ ဆက်တိုက်လုပ်ဖို့ အာဏာသိမ်းစစ်တပ်က အမိန့်ပေးထားပြီး တစ်မြို့နယ်ပြီး တစ်မြို့နယ် ဆက်တိုက်လုပ်သွားဖို့လည်း ညွှန်ကြားထားတယ်ဆိုတဲ့သတင်းတွေလည်း ထွက်လာပြန်ပါတယ်။

“ရပ်ကွက်တိုင်းမှာ ပွဲခင်းကြ၊ လမ်းဆုံလမ်းခွတိုင်းမှာ ဇာတ်ကကြ”ဆိုတဲ့ ရတနာပုံနန်းတွင်းအမိန့်အတိုင်းပဲ အခု လည်း ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းခွတိုင်းမှာ နေပူမရှောင်၊ မိုးရွာမရှောင်၊ နွေမရှောင်၊ မိုးမရှောင်၊ ဆောင်းမရှောင် ၁၂ ရာသီပွဲတော်ကြီးကို စီစဉ်ကျင်းပနိုင်ဖို့ ရပ်/ကျေးအုပ်ကြီးတွေနဲ့ မြို့နယ်၊ ခရိုင်အသီးသီးကအုပ်ကြီးတွေ အား ထုတ်နေကြပါတယ်။ သူတို့ခမျာ ရပ်ကွက်ထဲ မီးမလာတာ၊ ရေမရတာ၊ ကုန်စျေးနှုန်းကြီးမြင့်တာ၊ အယ်လ်နီညို ကြောင့် သက်ရောက်လာမယ့်ဘေးအန္တရာယ်တွေအပေါ် အာရုံမစိုက်နိုင်ဘဲ အာဏာရှင်အလိုကျ ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းခွတိုင်းမှာ ပွဲတော်တွေ စီရင်ကျင်းပနိုင်ရေးကိုသာအားစိုက်လုံးပမ်းနေကြရပါတယ်။

ဒီကာလ စက်တင်ဘာနဲ့ အောက်တိုဘာနှစ်လထဲမှာတင် ပင်လယ်ဓားပြလှေကြီးဦးစီးတဲ့ပွဲတော်တွေကို လက်လှမ်း မီသလောက် လိုက်ကြည့်မယ်ဆိုရင် မြင်းခြံမြို့မှာ သုံးဆူဘုရားပွဲ၊ စစ်ကိုင်းမြို့မှာ ပတ္တမြားစေတီနဲ့ ထူပါရုံဘုရားပွဲ၊ ရွှေဘိုမြို့ မြို့ထောင့်စေတီပွဲ၊ အင်းစိန်မြို့နယ်ထဲမှာ တညင်းကုန်း၊ အောင်ဆန်း၊ ပေါက်တောဝတို့ရဲ့ လမ်းဆုံလမ်းခွနဲ့ လမ်းမတန်းကြီးတွေပေါ် ခင်းကျင်းတဲ့ပွဲ၊ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းပေါ်က ဆရာစံ(တောင်)၊ (မြောက်)ပွဲ၊တာမွေမြို့နယ်ကျောက်မြောင်း ကျားကွက်သစ်ပွဲ၊ မရမ်းကုန်းမြို့နယ်ထဲမှာ ကျိုက်ဝိုင်းဘုရားပွဲတွေ ကျင်းပခဲ့ကြပါ တယ်။

လာမယ့်ရက်ပိုင်းအတွင်း ပုစွန်တောင်မြို့နယ်ထဲက ရေကျော်မှာလည်း ပွဲတော်ထပ်မံကျင်းပဖို့ စတင်စီစဉ်နေပြီ ဖြစ်ပြီး မကွေးမြို့မှာလည်း မြသလွန်ဘုရားပွဲ‌တော်ကျင်းပဖို့ရှိသလို စစ်ကိုင်းက ငါးထပ်ကြီးဘုရားပွဲနဲ့ ကောင်းမှု တော် ဘုရားပွဲတွေကိုလည်း လာမယ့်သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေမှာ ကျင်းပကြဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။အရင်ကတစ်နှစ်မှတစ်ခါသာရှားရှားပါးပါးကျင်းပလေ့ ရှိတဲ့ ဗဟန်းမြို့နယ် ဆရာစံ(တောင်)၊ (မြောက်) ဦးချစ်မောင်လမ်းပွဲတော်နဲ့ ပုစွန်တော် ရေကျော်ပွဲတော်တို့ဟာ အခုဆိုရင် တစ်နှစ်အတွင်း အနည်းဆုံး နှစ်ကြိမ် ကနေ သုံးကြိမ်အထိကျင်းပရတဲ့ ပွဲတော်တွေဖြစ်လာပါတယ်။

အာဏာရှင်အလိုကျထဲမှာ ပင်လယ်ဓားပြလှေကြီးနဲ့နယ်တကာလှည့်နေတဲ့ ၁၂ ပွဲစျေးသည်တွေအပြင် တီးမှုတ် ကခုန်ဆိုတဲ့ ဖျော်ဖြေရေးတွေဟာလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ သူတို့ရဲ့ တာဝန်က တိုင်းပြည်ဟာ ပုံမှန် အခြေအနေပြန်ရောက်နေသယောင်ပုံဖော်ဝါဒဖြန့်ပေးဖို့ဖြစ်ပါတယ်။

ဒီအပိုင်းနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံလိုက်ရတာကတော့ ပေါ်တာဆွဲကြမ်းနေတဲ့ မန္တလေးမြို့မှာ တလောက ဖျော်ဖြေပွဲ အကြီးအကျယ်လုပ်သွားခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ပွဲပါ။ ပြည်သူလူထု အတိဒုက္ခရောက်နေချိန် အာဏာရှင်အလိုကျ လိုက်ပါကပြဖျော်ဖြေမှုဟာ ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်ရှိုးပွဲတွေ ဆက် လက်စီစဉ်နေတဲ့အကြောင်း၊ သီတင်းကျွတ်ကာလထဲမှာ ဖျော်ဖြေပွဲနှစ်ပွဲလုပ်သွားမယ့်အကြောင်းကို တစ်နေ့ကပဲ စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် လူမှုကွန်ရက်ကနေအားတက်သရောကြေညာသွားပြန်ပါတယ်။

ဒါဟာစိုင်းစိုင်းခမ်းလှိုင်တစ်ယောက်အာဏာရှင်လက်အောက်မှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေရတဲ့ လူထုပရိ သတ်အများစုဆီကနေ ကျောခိုင်းထွက်ခွာသွားနေတာဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေရှိလာပါတယ်။ ဒီဝေဖန် ထောက်ပြမှုတွေအပေါ် စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် သတိမူမိမယ်တောင် မထင်ပါဘူး။ နောက်ထပ် နောက်ထပ် သောရှိုးပွဲများစွာအတွက်ပြင်ဆင် နေရလို့ အဲဒီဘက်ကို အာရုံမစိုက်နိုင်တာပါ။

ဒီခေတ်ဒီကာလ အာဏာရှင်အလိုကျပုံဖော်အားဖြည့်၊ ဝါဒဖြန့်ပေးမယ့် အနုပညာလောကသားကတော့စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်တည်း မဟုတ်ပါဘူး။ စိုင်းစိုင်းခမ်းလှိုင်အလားတူတွေ၊ အေဘီစီမသိတဲ့လေးဖြူအလားတူတွေ၊ Boycott နဲ့အတူတွဲကမယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုအလားတူတွေဖြစ်တဲ့ အဖြူရောင်အနုပညာရှင် များစွာများစွာ ရှိနေပါ သေးတယ်။

အာဏာရှင်မင်းအောင်လှိုင်ရဲ့ ရက်စက်ယုတ်မာမှုတွေက ရပ်တန့်မသွားဘဲ တစ်နေ့ထက်တစ်နေ့တိုးလို့ ရှေ့ခရီး ဆက်နေသလို သူလက်ညှိုးညွှန်ရာပွဲဖြစ်စေတဲ့ ပင်လယ်ဓားပြလှေကြီးကလည်း ဖက်ခွက်စားတွေ၊ ၁၂ ပွဲစျေးသည် တွေကို သယ်ဆောင်ရင်း တစ်နယ်ပြီးတစ်နယ် အုပ်ကြီးတစ်ယောက်လက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်း ရင်း ရှေ့ခရီးကို ဆက်လျက်ရှိပါကြောင်း။

ဆက်စပ်သတင်းများ

သတင်း

ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ စစ်အုပ်စုရဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချဆန့်ကျင်တဲ့ ဆန္ဒပြပွဲ အောက်တိုဘာ ၁၁ ရက် က ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

"မြစ်အနောက်ဘက်ကစစ်ဘေးကနေမကွေး၊ တောင်ကြီး၊မန္တလေးအထိ—ရိုးရာပွဲတော်တွေ ဘယ်သူ့အတွက် စည်ကားနေကြသလဲ"

ဆောင်းပါး

အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာမှာ အညာနေ ပူလွန်းအိုက်လွန်းလို့ ဒေသခံတွေ ကိုယ့်အိမ်တင်ကို အရိပ်ခိုနေကြတယ်။ ရွာလယ်က အိမ်တစ်အိမ်မှာတော့ မိခင်ဖြစ်သူရယ်၊ သမီးနှစ်ယောက်ရယ်၊ အိမ်ထောင်ဦးစီးအမျိုးသားရဲ့ညီရယ် ရှိနေတယ်။ အိမ်ထောင်ဦးစီးကတော့ ကျွဲကျောင်းသွားနေသလို အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဆိုတဲ့ သားလေးကလည်း...

သတင်း

မုံရွာအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၀ဦး ရိုက်နှက်နှိပ်စက်ခံရပြီး ၅ ဦးဟာ တိုက်ပိတ်ခံထားရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးက ဒီကနေ့ အောက်တိုဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။