ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ အောက်တိုဘာ လကုန်ပိုင်းကျရင် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေ ကြုံနိုင်ခြေ ရှိနေကြောင်း မိုးလေဝသ ဌာနက သတိပေးထားပါတယ်။
ထိုင်းနိုင်ငံကို လေအေးတွေ စတင်ဝင်ရောက် တိုက်ခတ်လာနေခြင်းက မိုးရာသီအကုန်၊ ဆောင်းရာသီအကူး ကာလဆီ ဝင်ရောက်နေပြီဆိုတာ ညွှန်ပြနေပေမယ့် တောင်ဖက်ခြမ်း ထိုင်းပင်လယ်ကွေ့ တလျှောက်မှာ အောက်တိုဘာ ၂၃ ကနေ ၂၇ ရက်နေ့ထိ ကာလအတွင်း မိုးသည်းထန်ပြီး ရေကြီးမယ့် အလားအလာအတွက် စိုးရိမ်ရဆဲလို့ ဆိုပါတယ်။
ဆောင်းရာသီထဲ ကူးပြောင်းဝင်ရောက်မယ့် လက္ခဏာတွေ စတင်ပြသနေပေမယ့် လေအေးတွေ ကြာကြာ တိုက်ခိုက်နေဦးမယ် ဆိုတာက မသေချာသေးဘူးလို့ ထိုင်းမိုးလေဝသ ဌာနရဲ့ လေကြောင်း မိုးလေဝသ ဌာနခွဲ အကြီးအကဲ ဆွမ်ကွမ် တွန်ဂျန်က ပြောပါတယ်။
လကုန်ပိုင်းထိ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ မိုးရွာသွန်းနိုင်ခြေ လျော့ကျသွားပြီ ဖြစ်ပေမယ့် အရှေ့မြောက်ဖက်၊ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြို့တော်ဘန်ကောက် အနီးတဝိုက် ဧရိယာတွေမှာတော့ မိုးရွာသွန်းနိုင်ခြေက တိုးလာတယ်လို့ ဆိုပါတယ်။

Public Service Announcement
အောက်တိုဘာ ၂၃ ကနေ ၂၇ ရက်နေ့ထိ အတောအတွင်း ဆူရတ်ဌာနီ၊ နက်ခွန်ဆီသမ်မာရတ်၊ ဆွန်ခလာစတဲ့ တောင်ပိုင်း ပြည်နယ်တွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်ခြေ၊ ရေကြီးနိုင်ခြေ၊ တောင်ကျရေ ရုတ်တရက် စီးဆင်းလာနိုင်ခြေတွေအတွက် ဒေသခံတွေ ကြိုတင် ပြင်ဆင်ထားဖို့လည်း မိုးလေဝသ ဌာနက နှိုးဆော်ထားပါတယ်။
ပြီးတော့ အဲဒီရက်ပိုင်းတွေအတွင်း လေပြင်းတွေကြောင့် ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းမှာ လှိုင်းထန်နိုင်တယ်လို့လည်း ဆိုပါတယ်။
ထိုင်းမိုးလေဝသ ဌာနက အောက်တိုဘာ ၂၀ ရက်နေ့မှာ ဆောင်းရာသီ စတင်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပေမယ့် ရာသီဥတု အပြောင်းအလဲတွေကို ဆက်လက် ဆန်းစစ် လေ့လာနေဆဲဖြစ်ပြီး တိတိကျကျတော့ မသတ်မှတ်ရသေးဘူးလို့လည်း ဆွမ်ကွမ်က ပြောပါတယ်။
ထိုင်းမှာ စက်တင်ဘာ လလယ်က စတင်ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေအတွင်း မြို့တော်ဘန်ကောက် အပါအဝင် နိုင်ငံအနှံ့မှာ လူပေါင်း ၇၁ ဦး သေဆုံးပြီး လူဦးရေ ၂ သန်းခွဲကနေ ၃ သန်းကျော်လောက်ထိ ရေကြီးမှုတွေဒဏ် သက်ရောက် ခံစားခဲ့ရကြောင်း သိရပါတယ်။
ကိုးကား: Bangkok Post

















































