ထွန်းညိုဦး/People’s Spring
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၈ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပန်းလှအုပ်စု၊ ပန်းလှတောရကျောင်းတိုက်တနေရာ။
ပန်းလှတောရကျောင်းတိုက်က သက်တော် ၃၀ နှစ်ကျော်အရွယ် ဦးဇင်းဇနက(ဘွဲ့အမည်လွှဲ)ဟာကျောင်းထဲကို ရွာထဲကဧည့်သည်တွေ ရောက်လာလို့ ရေနွေးနဲ့ ဧည့်ခံဖို့ ပြင်တယ်။ ဦးဇင်းက ပန်းလှတောရကျောင်းတိုက်မှာ သီတင်းသုံးနေတာပါ။ ဦးဇင်းတို့ကျောင်းက ချောင်းဦးမြို့ရဲ့ အရှေ့တောင်အရပ် ၆ မိုင်လောက်အကွာလောက်မှာ ရှိတယ်။ ကျောင်းပေါ်ပေါက်လာတာ သုံးလေးနှစ်လောက်ရှိပါသေးတယ်။ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ရွာသူရွာသားတွေရဲ့စေတနာသဒ္ဓါတရားတွေကြောင့်ကျောင်းထဲအဆောက်အအုံလေးတွေ ပေါ်လာခဲ့ရတာပါ။

Public Service Announcement
တကယ်တော့ကျောင်းထဲကို ဧည့်သည်ဆောင်သည်ဆိုတာ အတော်လေးအရောက်အပေါက် နည်းသွားခဲ့ပါပြီ။ အာဏာသိမ်းစစ်တပ်က ဘုန်းကြီးကျောင်းတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ရွာသူရွာသားတွေလည်း တော်ရုံအရေးကိစ္စမရှိရင် မလာရဲကြတော့ဘူး။
ဒီနှစ်ဝါတွင်းကာလမှာပဲ သြဂုတ် ၂၁ ရက် ဥပုသ်နေ့က ဦးဇင်းတို့ ချောင်းဦးနယ်နဲ့ ဆက်နေတဲ့ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာတရားစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အနီးအနားရွာတွေကနေ တရားစခန်း လာဝင်ကြတဲ့ ယောဂီတွေအပါအဝင် ပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရတယ်။ ဒါ့ကြောင့် ပြည်သူတွေဟာ ကျောင်းကန်ဘုရားတောင် မသွားရဲလောက်အောင် အခြေအနေ ဆိုက်ရောက်ခဲ့ရတယ်။
ဒီနှစ်ဝါတွင်းမှာဆိုလည်း ပြည်သူတွေဟာ စစ်တပ်က ဥပုသ်ဇရပ် ဗုံးလာကြဲမှာစိုးလို့ ဥပုသ်တောင် ဖြောင့်အောင်မစောင့်နိုင်ကြတော့ဘူး။ .တစ်နာရီဟောရမယ့်နေရာ ၁၅ မိနစ်လောက်ဟောပြီး ပြန်လွှတ်ရတာ။ ကျီးလန့်စာစားပါပဲ”လို့ ဦးဇင်းက လက်ရှိအညာအခြေအနေကို မိန့်တယ်။
အဲဒီနေ့ကတော့ ဦးဇင်းတို့ကျောင်းကို ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော ရောက်နေကြတာ ၂၀ ကျော်တယ်။ “နေ့လယ်နေ့ခင်း အေးတော့ ကျောင်းလာနားနေတာ။ ကလေးတွေရော အဘိုးအိုတွေရော”လို့ ဦးဇင်းက မိန့်တယ်။ ဦးဇင်းလည်း ဧည့်သည်တွေလာလို့ မီးဖိုဆောင်ထဲ ရေနွေးသွားထည့်တာ။ အဲဒီအချိန်ဂျက်ဖိုက်တာကြီးကျောင်းပေါ်ရောက်လာတော့တာပဲ။
ဦးဇင်းလည်း ဂျက်ဖိုက်တာလာဝဲတော့ မီးဖိုဆောင်ထဲကနေ ထွက်ပြေးရော။ ဂျက်ဖိုက်တာက ကျောင်းပေါ် ဝလုံးပုံသဏ္ဍန်ဝိုင်းပတ်နေတာ။ ဦးဇင်းထွက်ပြေးပြီး မကြာခင်မှာပဲ မီးဖိုဆောင်ပေါ် ဗုံးကြဲလို့ အဆောက်အဦးတစ်ခုလုံး လွင့်စင်ကွဲထွက်သွားတယ်။ ကျောင်းကြီးတစ်ခုလုံး မည်းမှောင်ပြီး မြင်ကွင်းတွေဝါးသွားတယ်။ ဂျက်ဖိုက်တာက ပေါင် ၅၀၀ ဗုံးနဲ့ ၂ ကြိမ်ပစ်တယ်။
“ပေါင် ၅၀၀အလုံးတွေပါမြင်လိုက်ရတာ။ စနေထောင့်ကနေတန်းပစ်တာ။နောက်တစ်ကြိမ်က ရာဟုထောင့်ကပစ်တာ”လို့ ဦးဇင်းကမိန့်တယ်။
ဦးဇင်း ကျောင်းဝင်းအပြင် ထွက်ပြေးတယ်။ ကျောင်းထဲက ပြည်သူတွေလည်း ထွက်ပြေးကြတယ်။ ဦးဇင်းတို့တတွေ ကျောင်းအဝင်မှာ ခရေပင်တွေ၊ ဗာဒံပင်တွေ စိုက်ဖို့တူးထားတဲ့ ကျင်းတွေထဲ ဆင်းပုန်းကြတယ်။ ကျောင်းအပြင် လယ်ကွင်းတွေထဲ ပုန်းနေတဲ့သူတွေကိုလည်း ဂျက်ဖိုက်တာပေါ်ကနေ ရော့ကတ်တွေနဲ့ လိုက်ပစ်တယ်။
“ထွက်လမ်းကိုပစ်တာ။ဖောင်းဖောင်းဆိုပြီး ဆက်ကွဲတာဒလက်တွေ”လို့ဦးဇင်းကမိန့်တယ်။
ကျောင်းထဲက အဆောင်တွေလည်း ပြိုတယ်။ အသက် ၁၄ နှစ်အရွယ် ကျောင်းနေကျောင်းသားလေးဆိုရင် ကျောင်းပိလို့ ဒဏ်ရာရသွားတယ်။လေကြောင်းတိုက်နေချိန်မှာပဲ ကျောင်းထဲပြန်ပြေးမိတဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရတယ်။ အဲဒီနေ့ကစုစုပေါင်း သံဃာ ၃ ပါးနဲ့ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တယ်။
ဆရာတော်တစ်ပါးကတော့ သက်တော် ၅၇ နှစ်၊ ဝါတော် ၃၇ နှစ်ရှိပြီ။ အဲဒီဆရာတော်က ကျောင်းနှစ်ကျောင်းကြားထဲပိတ်မိပြီး ဗုံးအစတွေမှန်တာ။ “ရင်ဘတ် ၄ နေရာလောက်မှန်သွားတယ်။ ၃ နေရာတော့ ထုတ်ပြီးပေမဲ့ ကျန်တဲ့တစ်နေရာကတော့ ထုတ်နေရတုန်းပဲမို့ စိုးရိမ်ရတယ်”လို့ ဦးဇင်းကမိန့်တယ်။
ဆေးဝါးအခက်အခဲတွေကြားမှာကုသရတာ အခက်အခဲတွေလည်း ရှိနေတယ်လို့ သိရတယ်။ ဦးဇင်းနဲ့နောက်တစ်ပါးကတော့ ခေါင်းတွေ ကိုယ်တွေမှာ အစတွေမှန်ခဲ့ပေမယ့် မစိုးရိမ်ရတော့ဘူးလို့ သိရတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်ဆရာတော်ကြီးရဲ့ဘုန်းကြီးကျောင်းနဲ့ တရားစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီက ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ကောင်စီကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ဝင် ဆရာတော်ကြီးတွေကိုအောက်တိုဘာ (၁၅)ရက်နေ့မှာ အသိပေးလျှောက်ထား ထားပါတယ်။
အဲဒီနေ့က ဂျက်ဖိုက်တာဟာ ရော့ကတ်တွေနဲ့ပစ်ပြီးတဲ့နောက် ပြန်သွားတယ်။ ဦးဇင်းတို့ကျောင်းကြီးလည်း လေဆင်နှာမောင်းတိုက်သွားသလို ဖွာလန်ကြဲလို့။
“ကျောင်းဆောင်၄ဆောင်၊သိမ်ကျောင်းတစ်ဆောင် စုစုပေါင်း ၅ဆောင်အကုန်ပျက်စီးခဲ့တယ်။ ကုဋီပါမကျန်တော့တာပါ”လို့ ဦးဇင်းက မိန့်တယ်။
ရွာသူရွာသားတွေကတော့ တစစီဖြစ်နေတဲ့ ကျောင်းကြီးကိုကြည့်ရင်း မျက်ရည်ကျကြတယ်။ အော်ငိုကြတယ်။
“တောရကျောင်းလေးဖြစ်တာမကြာသေးဘူး နှမျောကြတာပေါ့”လို့ ဦးဇင်းကမိန့်တယ်။
















































