အောက်တိုဘာ ၁၈၊ ၂၀၂၆။ ဇော်ရမ်း / People’s Spring
စစ်ရေး တင်းမာနေတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်အနီး ဟုမ္မလင်း ဒေသနဲ့ ဆယ်ဇင်းရွာ အနီး ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံတွေ သတိပြုကြဖို့ KIA၊ KPDF ပူးပေါင်းတပ်နဲ့ နီးစပ်သူတွေက သတိပေးပါတယ်။
ဖားကန့် မြို့နယ်ထဲမှာ ပါဝင်တဲ့ ဆယ်ဇင်းရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ ဒီနေ့ (အောက်တိုဘာလ ၁၈ ရက်) မနက်မှာ ဟုမ္မလင်း ဒေသနဲ့ ဆယ်ဇင်းရွာ အနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။
“စစ်တပ်နဲ့ ရှမ်းနီက တိုးလာလို့ တိုက်ပွဲ ဖြစ်နေတာပါ။ ဟုမ္မလင်း ဘက်နဲ့ ဆက်စပ်ပေမဲ့ တိုက်ပွဲက ကချင်ပြည်နယ် ဘက်ခြမ်းမှာ ပိုပြီး ပြင်းထန်နေတာပါ။ ဆက်ပြီး ဖြစ်နေမယ်လို့ ကျွန်တော်တို့ ထင်တယ်” လို့ KPDF ရဲဘော် တစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိ တိုက်ပွဲဟာ ဆယ်ဇင်းရွာ၊ တာမယ်ပုတ်ရွာနဲ့ သောင်ဦးရွာ ပတ်ဝန်းကျင်မှာ ဖြစ်နေပြီး စစ်တပ်က ရှမ်းနီတပ် (SNA) ကို အဓိက အသုံးပြုနေတယ်လို့ စုံစမ်း သိရပါတယ်။ SNA က စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်နဲ့ ပေါင်းပြီး ကချင်နဲ့ စစ်ကိုင်းတိုင်း နေရာ အချို့မှာ တော်လှန်ရေး တပ်တွေကို တိုက်ခိုက်နေပါတယ်။
လက်ရှိ မြေပြင် စစ်ရေး အခြေအနေကို သတင်း အတိအကျ မရသေးပေမဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ဒေသက ပြည်သူတွေ အနေနဲ့ လေကြောင်း အန္တရာယ်နဲ့ လက်နက်ကြီး အန္တရာယ်ကို အထူး သတိပြုကြဖို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အောက်တိုဘာလ ၁၈ ရက် နေ့လယ်ပိုင်းမှာ ပြောပါတယ်။
ဆယ်ဇင်းရွာမှာ ၂၀၂၃ ခုနှစ်က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒေသခံ အများစုဟာ ယခုထိ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက တိုက်ပွဲတွေမှာတော့ စစ်တပ်က အရပ်သားတွေ ရှိတဲ့ နေရာကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ဇူလိုင်လ ၈ ရက် နေ့လယ်ပိုင်းက တိုက်ပွဲမှာ စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာနဲ့ ဝေးတဲ့ သဲဇလောက် ရွှေမှော် ပတ်ဝန်းကျင်ကို ဗုံးကြဲလို့ အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ဖားကန့် မြို့ပေါ်မှာလည်း စစ်တပ်နဲ့ SNA ပူးပေါင်းတပ်တွေ ရှိနေပြီး ညစဉ် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။



















































