ဒဏ်ရာရနေတဲ့ စစ်သည်တစ်ယောက်ကို စစ်မြေပြင်သုံး ပျံသန်းရေး ဒရုန်းတစ်ခု အကူအညီနဲ့ အောင်အောင်မြင်မြင် ရွှေ့ပြောင်း သယ်ယူခဲ့တဲ့ မှတ်တမ်း ဗီဒီယိုကို ယူကရိန်းက ထုတ်ပြန် ပြသခဲ့ပါတယ်။
ဒါဟာ စစ်ပွဲသမိုင်းတလျှောက်မှာ ဒဏ်ရာရ စစ်သားတစ်ယောက်ကို ဝေဟင်ဒရုန်းနဲ့ သယ်ယူရွှေ့ပြောင်းတဲ့ ပထမဆုံး ကယ်ဆယ်ရေး မစ်ရှင်အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ယူကရိန်း စစ်တပ်ရဲ့ အမှတ် ၉၂ သီးခြား တိုက်ခိုက်ရေး တပ်မ လက်အောက်ခံ အမှတ် ၃၀ သီးခြား ယန္တရားတပ်ရင်းမှာ အမှုထမ်းနေတဲ့ အသက် ၄၉ နှစ်အရွယ် ခြေလျင်တပ်ဖွဲ့ဝင် ကော့စတီယန်တင် ဗလာဆန်ကို ပန်ကာ ၆ ခုတပ် ဒရုန်းကြီးက ချိတ်ဆွဲ သယ်ယူသွားတဲ့ မှတ်တမ်း ဗီဒီယိုကို အမှတ် ၉၂ တပ်မက အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကယ်ဆယ်ရေး မစ်ရှင်ကို အောက်တိုဘာ ၄ ရက်နေ့က လုပ်ဆောင်ခဲ့တာလို့ ယူကရိန်း မီဒီယာ တချို့က ဆိုပါတယ်။ ဗလာဆန်ကိုဟာ အမှတ် ၃၀ ယန္တရား တပ်ရင်းရဲ့ အော့စ်ကေးလ် မြစ်နားက စခန်းတစ်ခုမှာ မနှစ်က ဇွန်လကတည်းက တာဝန်ချထားခြင်း ခံခဲ့ရပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလမှာတော့ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် ဗလာဆန်ကိုဟာ ခြေထောက်တွေမှာ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး သူ့ရဲ့ တွဲဖက် တပ်ဖွဲ့ဝင် တစ်ဦးလည်း သေဆုံးသွားခဲ့ပါတယ်။ ဗလာဆန်ကိုဟာ နောက်ပိုင်းမှာ ခြေထောက် နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ပါတယ်။
သူဟာ တပ်ရင်းမှာပဲ ဆက်ပြီး သောင်တင်နေရင်း တခြားတပ်ဖွဲ့ဝင်တွေက သူ့ကို ပြုစု စောင့်ရှောက်ခဲ့ပါတယ်။ ဗလာဆန်ကိုကို ရှေ့တန်းကနေ ပြန်လည် ခေါ်ယူနိုင်ဖို့က မိုင်းကွင်းတွေ၊ ရုရှားဒရုန်းတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အဆင်မပြေခဲ့ပါဘူး။ လူမဲ့ မြေပြင်ဒရုန်းတွေကလည်း လမ်းတစ်ဝက်မှာ ဖျက်ဆီးခံခဲ့ရပါတယ်။

Public Service Announcement
ယူကရိန်း စစ်တပ်ဟာ ဒဏ်ရာရထားတဲ့ တပ်ဖွဲ့ဝင်ကို နောက်တန်းဆီ ပြန်ခေါ်ဆောင်ဖို့ လပေါင်းအတော်ကြာ အချိန်ယူ ပြင်ဆင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမှတ် ၉၂ တပ်မဟာ စစ်သုံးပစ္စည်းတွေ သယ်ယူတဲ့၊ ဗုံးတွေ ကြဲချတဲ့ မစ်ရှင်တွေမှာ အသုံးပြုတဲ့ Heavy Shot Ayudag-6 အမျိုးအစား ဒရုန်းတစ်စီးကို အခုမစ်ရှင်အတွက် သင့်တော်အောင် စီမံပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အင်ဂျင်နီယာတွေဟာ အဲဒီဒရုန်းမှာ လူတစ်ဦးကို ချိတ်ဆွဲလျက် ပျံသန်းရင် တည်တည်ငြိမ်ငြိမ် ဟန်ချက်ညီညီ ဖြစ်နေအောင် မွမ်းမံခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရှေ့တန်းဆီ အဲဒီ ဒရုန်းကို စေလွှတ်ပေးနိုင်ပြီး ဗလာဆန်ကို ကိုယ်တိုင်ပဲ ဒရုန်းက သိုင်းကြိုးတွေကို ခန္ဓာကိုယ်မှာ ချည်နှောင်ခဲ့ပါတယ်။ အမှတ် ၃၀ ယန္တရားတပ်ရဲ့ ဒရုန်းကိုင်တွယ်သူ တစ်ဦးက ဗလာဆန်ကိုရဲ့ အခြေအနေကို ဒရုန်းမှာရှိတဲ့ ကင်မရာကနေ စောင့်ကြည့် ညွှန်ကြားပေးခဲ့ပါတယ်။
အဲဒီနောက် ဒရုန်းဟာ ဒဏ်ရာရ စစ်သည်ကို သယ်ဆောင်ပြီး ဘေးကင်းတဲ့ နေရာတစ်ခုထိ ပျံသန်းသွားခဲ့ပါတယ်။ အဲဒီနောက် တခြားစစ်သားတွေက သူ့ကို မြေပြင် ဒရုန်းတစ်စီးပေါ် ပြောင်းရွှေ့ပေးပြီး ၅ မိုင်လောက် ဆက်ပြီး ခရီးနှင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဗလာဆန်ကိုဟာ ဆေးတပ်ရင်း တစ်ခုဆီ အောင်အောင်မြင်မြင် ရောက်ရှိသွားပါတယ်။
စုစုပေါင်း ၃၉ မိုင်လောက် အကွာအဝေးအတွက် စီစဉ်ခဲ့တဲ့ ကယ်ဆယ်ရေး မစ်ရှင်ဟာ အနာဂတ် စစ်မြေပြင် အရေးပေါ် ရွှေ့ပြောင်းသယ်ယူရေး အစီအမံတွေနဲ့ ပတ်သက်ပြီး ခြေလှမ်းသစ်တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။ ယူကရိန်းဟာ စစ်ပွဲကာလအတွင်း ဒရုန်းနည်းပညာ အမျိုးမျိုးကို ထိုးထွင်းကြံဆ တီထွင်ခဲ့သလို မြေပြင်သုံး ဒရုန်းတွေကို သုံးပြီး ရန်သူ့ အခြေစိုက် စခန်းတွေကို ပိတ်ဆို့ စီးနင်းတာ၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ကယ်ထုတ်တာတွေလည်း လုပ်ဆောင်နေပါတယ်။
ဗလာဆန်ကိုဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တဲ့တိုင် အသက်ရှင်ခဲ့ပြီး အခုတော့ သူ့ကို လိုအပ်တဲ့ နောက်ဆက်တွဲ ကုသမှုတွေ၊ နာလန်ထ အစီအစဉ်တွေအတွက် ထောက်ပံ့ပေးထားကြောင်း ယူကရိန်း စစ်တပ်က ပြောပါတယ်။ ပြီးတော့ သူဟာ ယူကရိန်း သူရဲကောင်းဆု ပေးအပ်ချီးမြှင့်ခြင်း ခံရမယ့် အခြေအနေလည်း ရှိနေပါတယ်။
သူ့ကို ကယ်ထုတ်ခဲ့တဲ့ မစ်ရှင်ဟာ အလားတူ နည်းလမ်းမျိုးနဲ့ ကယ်ဆယ်ရွှေ့ပြောင်းတဲ့ ကမ္ဘာ့ပထမဆုံး ဖြစ်ရပ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။ ကျဆုံးစစ်သည် ရုပ်အလောင်းတွေကို ဒရုန်းတွေ အသုံးပြုပြီး ရှေ့တန်းစစ်မျက်နှာပြင်ကနေ သယ်ထုတ်တာမျိုးကို တခြားနိုင်ငံတွေမှာ စမ်းသပ်ဖူးပေမယ့် ယူကရိန်းကတော့ အသက်ရှင်နေဆဲ ဒဏ်ရာရ စစ်သည် တစ်ဦးကိုပါ အောင်အောင်မြင်မြင် ရွှေ့ပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: News Week




















































