ယူကရိန်း နိုင်ငံဟာ တခြားခေါင်းဆောင်တစ်ဦးကို ရရှိသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန် ပြောကြားသွားပါတယ်။
ရုရှားဆီက ဒီဇယ်ဆီတွေ တင်သွင်းဝယ်ယူဖို့ အမေရိကန်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ညှိနှိုင်း သဘောတူခဲ့တာကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရှုတ်ချခဲ့တဲ့နောက် ထရမ့်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ဆင်နွှဲတဲ့ အီရန်စစ်ပွဲကြောင့် အမေရိကန်မှာ ဒီဇယ်ဆီစျေးတွေ မြင့်တက်လာခြင်းက ထရမ့်ရဲ့ အစိုးရအပေါ် ဖိအားတွေ တိုးလာစေပါတယ်။ အဲဒီနောက် ထရမ့်ဟာ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားနဲ့ ညှိနှိုင်းပြီး ရုရှားဆီက ဒီဇယ်ဆီတွေ တင်သွင်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ဇီလန်စကီးက အဲဒီကိစ္စကို အတိအလင်း ဝေဖန်ခဲ့ပြီး ပိုပြီး ရှည်ကြာအောင် အချိန်ဆွဲရမှာ မဟုတ်ဘဲ အမြန်ဆုံး အဆုံးသတ်ရမယ့် စစ်ပွဲကို သက်တမ်း ဆွဲဆန့်ဖို့ ရင်းနှီးထည့်ဝင်မှုလို့ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement
အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ ထရမ့်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို အဲဒီလို ဝေဖန်တဲ့ ဇီလန်စကီးကို ယူကရိန်း ခေါင်းဆောင် မဖြစ်သင့်ဘူးလို့ တုံ့ပြန်သွားခဲ့တာပါ။
သူ့မှာသာ အကြံပြုခွင့် ရှိမယ်ဆိုရင် ယူကရိန်းအတွက် ခေါင်းဆောင်သစ် တစ်ယောက် ရှိသင့်တယ်လို့ ပြောမှာဖြစ်ကြောင်း၊ ဇီလန်စကီး မရယူနိုင်ခဲ့တဲ့ သဘောတူညီမှုတွေ အများကြီး ရှိခဲ့ကြောင်း၊ တချို့ကိစ္စတွေဆိုရင် သူကိုယ်တိုင်ကိုက လုံးဝ လုပ်မယူခဲ့တာဖြစ်ကြောင်း ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူက ယူကရိန်းရဲ့ သမ္မတဟာ ကမ္ဘာကြီးမှာ ပြဿနာတွေပဲ ပိုများနေစေချင်တဲ့သူလို့လည်း တံဆိပ်ကပ်ခဲ့ပါသေးတယ်။
အမေရိကန် အစိုးရ အရာရှိ တစ်ဦးကတော့ ရုရှားနဲ့ အမေရိကန်တို့ကြား ဒီဇယ် အရောင်းအဝယ် သဘောတူမှု မရရှိခင် ကတည်းက ရုရှား ရေနံချက် စက်ရုံတွေကို ယူကရိန်းက ဆက်တိုက် တိုက်ခိုက်နေတာကို ဘဝင်မကျ ဖြစ်နေကြောင်း ပြောပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေ မလုပ်ဖို့ အမေရိကန်က အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပေမယ့် ယူကရိန်းက မလိုက်နာခဲ့ဘူးလို့လည်း ဆိုပါတယ်။
အောက်တိုဘာ ၉ ရက်နေ့တုန်းက လူမှုကွန်ရက်မှာ ထရမ့်ရဲ့ ရေးသား ကြေညာချက်အရ ရုရှားဟာ ဒီဇယ် တန်ချိန် ၃ သိန်းကျော်ကို အမေရိကန်နဲ့ နိုင်ငံတကာ စျေးကွက်ထဲ အမြန်ဆုံး ဖြည့်တင်းပေးမှာဖြစ်ပြီး နိုဝင်ဘာလမှာ ဒီဇယ်တန်ချိန် ၅ သိန်း ထပ်မံ ထုတ်ရောင်းပေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။
တစ်ဖက်မှာတော့ အမေရိကန် အစိုးရ အရာရှိဟောင်း တချို့က ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကို ဆက်တိုက် ကြုံနေရတဲ့ ရုရှား ရေနံချက် လုပ်ငန်းဟာ အဲဒီလောက်ထိ များပြားတဲ့ ဒီဇယ်တွေကို အမှန်တကယ် ထောက်ပံ့ ရောင်းချပေးနိုင်ပါ့မလား ဆိုတာကို သံသယနဲ့ ထောက်ပြ မေးခွန်းထုတ်နေပါတယ်။
အခုသီတင်းပတ်ထဲမှာတင် ရုရှားနိုင်ငံ အနှံ့က ရေနံချက် စက်ရုံပေါင်း ၅ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြန် ကြေညာထားပါတယ်။
ကိုးကား: CNN



















































