“ကိုယ့်အသက်ကို မသေစေချင်ဘူး မိသားစုနဲ့ တွေ့ချင်တယ်ဆိုရင် AA ဘက်ကို အလင်းဝင်ကြပါ”
— အလင်းဝင်တပ်သား စိုးမင်းသိန်း
အောက်တိုဘာ ၂၀၊ ၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က စစ်သင်တန်းအပြီး ရက္ခိုင်စစ်မြေပြင်ကို ချက်ချင်းပို့ဆောင်ခဲ့တဲ့ တပ်သားတွေထဲက တပ်သား ၂ဦးဟာ စစ်မြေပြင်က ထွက်ပြေးပြီး အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင် တွေက ပြောပြပါတယ်။
တပ်မ(၁၁) လက်အောက်ခံ ခမရ(၂၁၈)တပ်ရင်းက တပ်သားအောင်ကျော်နိုင်နဲ့ တပ်သားစိုးမင်းသိန်းတို့ဟာ ၂၀၂၆ မေလမှာ စစ်ကောင်စီတပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းခံရပြီး စစ်သင်တန်း သုံးလကျော်တက်ရောက်ခဲ့ပြီးနောက် ရက္ခိုင်ပြည်နယ် ကျောက်ဖြူ စစ်မျက်နှာကို ပို့ဆောင်ခံရစဉ် စစ်မြေပြင်ကနေ အတူတကွ ထွက်ပြေးခဲ့ကြရတာလို့ ဆိုပါတယ်။
တပ်သားအောင်ကျော်နိုင်ကတော့ မန္တလေးမှာ ဆိုင်ကယ်ကယ်ရီဆွဲတာဖြစ်ပြီး ၂၀၂၆ မေလမှာ ကယ်ရီဆွဲဖို့ ထွက်လာစဉ် စစ်တပ်ရဲ့ စစ်သားစုဆောင်းမှု ခံခဲ့ရတာလို့ ဆိုပါတယ်။

Public Service Announcement
လားရှိုးမှာ သင်တန်း ၃လ တက်ရောက်ခဲ့ရ ၂၀၂၆ ဩဂုတ်လ ၁၅ရက်မှာ သင်တန်းဆင်းခဲ့ရာ ရန်ကုန်မှာ မွမ်းမံသင်တန်းထပ်မံ တပ်ခဲ့ရတယ်လို့ တပ်သားအောင်ကျော်နိုင်က ပြောပါတယ်။ အဲဒီနောက် ခမရ(၂၁၈)မှာ ၁၅ရက်နေခဲ့ရပြီး သင်္ဘောနဲ့ ကျောက်ဖြူကိုပို့ဆောင်ခံရကြောင်း ပြောပါတယ်။
သင်တန်းမှာ လူဦးရေ ၂၅၀ ကျော်ရှိပြီး သင်တန်းမတက်ချင်သူများကြောင်း တပ်သား အောင်ကျော်နိုင်က ပြောပါတယ်။ ဒါ့အပြင် သင်တန်းကာလမှာ တပ်သား အောင်ကျော်နိုင်လည်း သူငယ်ချင်း ၅ယောက်နဲ့အတူ ထွက်ပြေးခဲ့ပေမဲ့ သုံးဦးသာလွတ်မြောက်ခဲ့ပြီး တပ်သား အောင်ကျော်နိုင်အပါအဝင် ၂ဦး ပြန်ဖမ်းခံခဲ့ရတယ်လို့ ပြောပြပါတယ်။ ဖမ်းခံရပြီး ရိုက်နှက်နှိပ်စက်ချုပ်နှောင်ခံခဲ့ရပေမဲ့ သင်တန်းအပြီး ရက္ခိုင်စစ်မျက်နှာ ပို့ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီရောက်ပြီး မကြာခင်မှာပဲ တပ်သား စိုးမင်းသိန်းနဲ့အတူ ထွက်ပြေးရာ စစ်တပ်က မြင်ပြီး ပစ်ခတ်ခံရပေမဲ့ ဒဏ်ရာမရခဲ့ကြောင်း၊ ထွက်ပြေးစဉ် AA နဲ့ တွေ့လို့ အလံဖြူပြ အလင်းဝင်ခဲ့ကြောင်း ရှင်းပြပါတယ်။
တပ်သား စိုးမင်းသိန်းကတော့ ရန်ကုန် မှာ နေထိုင်သူဖြစ်ပြီး ၂၀၂၆ မေလမှာ အလုပ်က ပြန်လာစဉ် လမ်းမှာ စစ်သားစုဆောင်းခံရတာလို့ဆိုပါတယ်။
“ကျနော်တို့ကို ရုံးကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ကျနော်တို့ကို လက်ထဲကို မူးယစ်ဆေးဝါးတွေ တင်ပြီးတော့ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံရိုက်ပြီးတော့ မင်းတို့ စစ်ထဲဝင်မလား ထောင်ချခံမလားလို့မေးတယ်။ ကျနော်တို့ ဘာလုပ်လို့လဲဆိုတော့ ကျနော်တို့ကို ဘာမှ မပြောဘူး ထပ်နှိပ်စက်တယ်ရိုက်တယ်။ ရိုက်တော့ ကျနော်တို့ စစ်ထဲဝင်မယ်လို့ ပြောတယ်။ ဒီပြင်ရုံးကို ဖုန်းဆက်ပြီးတော့ ခေါ်ခိုင်းတယ်။ လာခေါ်သွားတော့ ကျနော်တို့ကို အဲဒီရုံးမှာ နှစ်ညအိပ်ရတယ်။ နှစ်ညအိပ်တော့ထိပ်တုံးထဲထည့်ထားတယ်။ အဲဒီရုံးကနေ ကျနော်တို့ကို ဘုရင့်နောင်စစ်ကြောရေးကို ပို့တယ်။ ဘုရင့်နောင်စစ်ကြောရေးမှာလည်း နှစ်ညထပ်အိပ်ရတယ်။ ဘုရင့်နောင်စစ်ကြောရေးကနေ
မှော်ဘီတိုက်ကြီး အမှတ်(၂) တန်းမြင့်လေ့ကျင့်ရေး ကျောင်းကို ထပ်ပို့တာ။” ဟု တပ်သား စိုးမင်းသိန်းက အဓမ္မစစ်သားစုဆောင်းခံရမှု အခြေအနေကို ပြောပြပါတယ်။
မှော်ဘီသင်တန်းကနေ မွန်းမံသင်တန်း ထပ်မံ တက်ရောက်ခဲ့ပြီးနောက် ကျောက်ဖြူသို့ ပို့ ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရှေ့တန်းအရောက် စစ်ကောင်စီတပ်သားတွေက ပစတွေကို နေ့တိုင်းလိုလို ဆဲဆိုကြိမ်းမောင်းတာ ကင်းကို အချိန်ကြာမြင့်စွာ စောင့်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ တပ်သားစိုးမင်းသိန်းက ပြောပါတယ်။
“သူတို့လူဟောင်းတွေ မစောင့်ရဘူး ကျနော်တို့ ပစတွေချည်းပဲ စောင့်ရတယ်။ ကျနော်တို့ ပစတွေပဲ လုပ်ရပါတယ်။ တော်တော်လေးလည်း ဒုက္ခရောက်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
ပစအချို့ ကိုယ့်ကိုယ်ကိုယ် သက်သေတာရှိသလို တိုက်ပွဲမှာ ဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ထမ်းလာတာတွေ့ခဲ့ရကြောင်းလည်း တပ်သား စိုးမင်းသိန်းက ပြောပါတယ်။
အဲဒါကြောင့် သူငယ်ချင်းနှစ်ယောက် တိုင်ပင်ထွက်ပြေးခဲ့ရာ နောက်ပိုင်းမှာ AAထံ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။ AAက ကောင်းမွန်စွာ ဆက်ဆံပြီး လုံခြုံရာ ပို့ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ထဲက ပစတွေ အမြန်ဆုံးအလင်းဝင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
“ကိုယ့်အသက်ကို မသေစေချင်ဘူး မိသားစုနဲ့ တွေ့ချင်တယ်ဆိုရင် AA ဘက်ကို အလင်းဝင်ကြပါ”လို့လည်း တပ်သားစိုးမင်းသန်းက တိုက်တွန်းပါတယ်။




















































