Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆူဒန်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ၂ ရက်အတွင်း အရပ်သား ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ဆို

ဆူဒန်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံးကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - Reuters

ဆူဒန်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံးကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ဆူဒန်မှာ အောက်တိုဘာ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တို့မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းတုန်းက အနောက် ကော်ဒိုဖန် ဒေသက နေရာနှစ်ခုမှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူ ၁၅၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ တောင်ဆူဒန် နိုင်ငံနဲ့ နယ်စပ်နားက အက်ဘ်ယီမြို့ထဲက အမီယက်စျေးကို ဆူဒန်စစ်တပ်ရဲ့ ဒရုန်း ထိမှန်ခဲ့ပြန်ပြီး လူပေါင်း ၁၅၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ သေဆုံးစာရင်းတွေကိုတော့ ၂၀၂၃ ခုနှစ် ကတည်းက ဆူဒန်ပြည်တွင်းစစ်ရဲ့ အခြေအနေကို ဆန်းစစ်လေ့လာ စောင့်ကြည့်နေတဲ့ ဆူဒန်စစ်ပွဲ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဆူဒန်မှာ စစ်တပ်နဲ့ အရင်တုန်းက မဟာမိတ် ဖြစ်ခဲ့ပြီး အင်အားတောင့်တင်းတဲ့ အရန်တပ်ဖွဲ့ (RSF)တို့ကြား ပြည်တွင်းစစ် အပြင်းအထန် ဖြစ်ပွားနေတာပါ။

Public Service Announcement

Public Service Announcement

ဆူဒန်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ နာရေးတစ်ခုဆီ သွားနေခဲ့ကြတဲ့ အသုဘ ပို့ဆောင်သူတွေပါ ပါဝင်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ ပြီးတော့ အမီယက် စျေးမှာလည်း လောင်စာဆီတွေ သိုလှောင်တဲ့ နေရာကို စစ်တပ်က တမင်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲမှုတွေ ရှိလာပါတယ်။

အက်ဘ်ယီမြို့က တိုက်ခိုက်မှုဟာ ဆူဒန်နဲ့ တောင်ဆူဒန် အစိုးရတွေကြား တင်းမာမှုတွေကို မြင့်တက်လာစေဖွယ် ရှိပါတယ်။ အဲဒီမြို့ကို ပိုင်ဆိုင်ခွင့်အတွက် နှစ်နိုင်ငံ အငြင်းပွားနေပြီး လတ်တလောမှာလည်း နှစ်ဖက် ညှိနှိုင်းပြီး စီမံအုပ်ချုပ်နေတာ ဖြစ်ပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ တောင်ဆူဒန်ဟာ ဆူဒန် သံအမတ်ကို ဆင့်ခေါ်ပြီး တရားဝင် ကန့်ကွက်ခဲ့သလို ဆူဒန်က စစ်ရေးပဋိပက္ခဟာ တောင်ဆူဒန်ဖက်ထိ ပျံ့နှံ့လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။

ဆူဒန်ပြည်တွင်းစစ်ဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံး လူသားချင်းစာနာမှု အကျပ်အတည်း တစ်ခုကို ဖြစ်ပေါ်လာစေပြီး လူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့သလို ၁၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ကော်ဒိုဖန် ဒေသက ဒရုန်းတိုက်ခိုက်မှုတွေကိုတော့ စစ်တပ်က ထိန်းချုပ်ထားတဲ့ ကာဒူဂလီမြို့ကနေ လွှတ်တင်လိုက်တဲ့ ဒရုန်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆူဒန်စစ်ပွဲ စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

အက်ဘ်ယီမှာလည်း အသုဘ လိုက်ပို့သူ ၂၀၀ လောက်ကို ပြွတ်သိပ်ပြီး တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီးကို ဒရုန်းတစ်စင်း ထိမှန်ခဲ့သေးကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။ အမီယက်စျေးကတော့ ဒရုန်းဒဏ်ကြောင့် လုံးဝဥဿုံ ပျက်စီးသွားခဲ့ပါတယ်။

ဆူဒန် စစ်တပ်ကတော့ အခုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘာဖြေရှင်းချက်မှ မပေးသေးပါဘူး။ ဒါပေမဲ့ အရင်တုန်းက ပုံစံတူ စွပ်စွဲမှုတွေမှာတော့ စစ်တပ်က RSF တပ်ဖွဲ့ဝင်တွေလို့ မသင်္ကာ ဖြစ်ရင်တောင်မှ အရပ်သားတွေ များပြားတဲ့ နေရာတွေကို တမင်တကာ တိုက်ခိုက်တာမျိုး လုံးဝမလုပ်ဘူးလို့ ငြင်းဆိုခဲ့ဖူးပါတယ်။

ရေနံနဲ့ ရွှေသတ္တုတွေ ထွက်ရှိရာ ကော်ဒိုဖန် ဒေသထဲမှာ မနှစ်ကစလို့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေကြောင်းလည်း ဒေသခံတွေက ပြောကြားခဲ့ပါတယ်။ ကော်ဒိုဖန် မြောက်ပိုင်းကို စစ်တပ်က အဓိက ထိန်းချုပ်ထားပြီး ရေနံတွင်းတွေ အများအပြားရှိရာ အနောက်ပိုင်း ဧရိယာကိုတော့ RSFက ချုပ်ကိုင်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဘူလ်ဂေးရီးယား ကမ်းလွန် ပင်လယ်နက် ရေပြင်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်ဖက် ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်သွားပြီး သင်္ဘောသား ၁၁ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ရုရှားရဲ့ အကြီးမားဆုံး အွန်လိုင်း လက်လီ ရောင်းချမှု လုပ်ငန်းစုကြီး တစ်ခုရဲ့ ကုန်လှောင်ရုံတွေက ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook