ဟိုသီတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ဆော်ဒီကို ကာကွယ်ပေးဖို့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြုခဲ့ပါတယ်။
အီရန်မဟာမိတ် ဟိုသီပြောက်ကျားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဆော်ဒီနဲ့ စစ်ရေး ပဋိပက္ခတွေ အရှိန်မြင့်လာသလို ဆော်ဒီပိုင်နက်ထဲက မြို့တွေနဲ့ မဟာဗျူဟာ အခြေခံ အဆောက်အအုံတွေအပေါ် ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်မှုတွေကို ပိုမို လုပ်ဆောင်လာပါတယ်။
အောက်တိုဘာ ၂၀ မှာတော့ ဗြိတိန် အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ဆော်ဒီရဲ့ မြို့ကြီးတွေနဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို ဒရုန်းနဲ့ ဒုံးကျည်တွေ ရန်ကနေ ကာကွယ်ပေးဖို့အတွက် တော်ဝင်လေတပ်ရဲ့ Typhoon တိုက်လေယာဉ်တွေ ဖြန့်ကျက်ပေးသွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီ တိုက်လေယာဉ်တွေဟာ ခုခံကာကွယ်ရေး မစ်ရှင်တွေ အတွက်ပဲ သီးသန့် တာဝန်ယူမှာဖြစ်ပြီး ယီမင်ပိုင်နက်ထဲက ဟိုသီတွေကို တိုက်ခိုက်တာမျိုး စစ်ဆင်ရေးတွေအတွက် ဆော်ဒီကို လုံးဝ ကူညီမှာ မဟုတ်ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဝက်စ်စထရိတင်းက ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဗြိတိန်ဟာ စစ်သုံးပစ္စည်းတွေနဲ့ စစ်ဘက်အကြံပေး အရာရှိတွေ ဆော်ဒီဆီ ပို့ဆောင်ပေးဖို့အတွက်လည်း တော်ဝင်လေတပ်ရဲ့ A400M အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စီးကို အသုံးပြုသွားမှာပါ။
လေဆိပ်တွေ အပါအဝင် မဟာမိတ် ဆော်ဒီပိုင်နက်ထဲက အရပ်ဖက် အဆောက်အအုံတွေကို ဟိုသီတွေက ဆက်လက် တိုက်ခိုက်နေတာဟာ စက်ဆုပ်စရာ ကိစ္စတစ်ခု ဖြစ်ကြောင်း၊ ရီယတ်ဒ်မြို့က နိုင်ငံတကာ လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်မျိုးက ဟိုသီတွေဟာ ဒေသတွင်း တင်းမာမှုတွေကို ပိုဆိုးရွားလာအောင် ကြံဆောင်နေမှန်း မြင်သာစေကြောင်း၊ ဒါကြောင့်လည်း ဆော်ဒီ လေပိုင်နက်ထဲ ဟိုသီတွေရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေ ဝင်ရောက်လာရင် ကြားဖြတ် ဟန့်တားနိုင်အောင် Typhoonတွေ ဖြန့်ကျက်ထားဖို့ သူက အမိန့်ပေးခဲ့ကြောင်း စထရိတင်းက ဆိုပါတယ်။
အခုလထဲမှာ ဟိုသီတွေဟာ ရီယတ်ဒ်မြို့က ဘုရင်ခါလစ် နိုင်ငံတကာ လေဆိပ်ကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဗြိတိန်ဟာ ဆော်ဒီမှာ ကာကွယ်ရေးအတွက် တပ်တွေ ကူညီဖြန့်ကျက်ပေးထားပြီး ဖြစ်သလို အခုတော့ Typhoonတွေက သွားရောက်အားဖြည့် ကူညီပေးမှာပါ။ အဲဒီ တိုက်လေယာဉ်တွေဟာ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ခြေရာခံ ဖျက်ဆီးနိုင်မယ့် စစ်လက်နက်တွေ တပ်ဆင်ထားကြောင်းလည်း သိရပါတယ်။
ကိုးကား: CNN




















































