Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ဆီ ဒီဇယ်တင်ပို့မှု အောက်တိုဘာ ၂၂ ရက်နေ့မှာ စတင်မယ်လို့ ရုရှားပြော

အမေရိကန်ဆီ ပထမဆုံးအသုတ် ဒီဇယ်ဆီတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ တင်ပို့သွားမယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်ဆီ ပထမဆုံးအသုတ် ဒီဇယ်ဆီတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ တင်ပို့သွားမယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

အမေရိကန်မှာ ဒီဇယ်ဆီစျေးတွေ မြင့်တက်လာတဲ့နောက် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ပေးပြီး ရုရှားရဲ့ ဒီဇယ်ကိုလည်း ပြည်တွင်းဆီ တင်သွင်းဝယ်ယူဖို့ ညှိနှိုင်းခဲ့ပါတယ်။ ထရမ့်ရဲ့ အဲဒီဆုံးဖြတ်ချက်ကို ယူကရိန်း အစိုးရက ဝေဖန်ခဲ့တာကြောင့် နှစ်နိုင်ကြားက တင်းမာမှု တချို့ပါ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

အစောပိုင်းတုန်းက ရုရှားကိုယ်တိုင်က ပြည်ပက ဒီဇယ်တင်ပို့မှုတွေ ပိတ်ပင်ထားခဲ့ပေမယ့် အောက်တိုဘာ ၉ ရက်နေ့မှာတော့ အဲဒီ သတ်မှတ်ချက်ကို သမ္မတ ဗလာဒီမာ ပူတင်က ပြန်လည် ဖယ်ရှားပေးခဲ့ပါတယ်။ အခုတော့ အမေရိကန် စျေးကွက်ထဲ ရုရှားရဲ့ ဒီဇယ်ဆီတွေ တင်ဆောင်သွားမယ့် ပထမဆုံး ရေနံတင် သင်္ဘောက အောက်တိုဘာ ၂၂ ရက်နေ့မှာ ထွက်ခွာမယ့်အကြောင်း ရုရှား ဒုတိယ ဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်ခ်က အတည်ပြုခဲ့ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ နိုဗက်ခ်က မက်ထရစ်တန် ၄၀၀၀၀ စာ ပမာဏရှိတဲ့ လောင်စာဆီတွေကို အဲဒီ ရေနံတင် သင်္ဘောက သယ်ဆောင်သွားမှာဖြစ်ကြောင်း၊ အရောင်းအဝယ်ကိစ္စ စာရွက်စာတမ်းတွေက လက်စသတ်လု နီးပါးအဆင့်ထိ ပြီးစီးနေကြောင်း သတင်းထောက်တွေဆီ ပြောဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ရုရှားနိုင်ငံရဲ့ ဘယ်ဆိပ်ကမ်းကနေ လောင်စာဆီတင် သင်္ဘော ထွက်ခွာမလဲ ဆိုတာကိုတော့ တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။ ပထမဆုံး တင်ပို့မှုပြီးရင် နောက်ထပ် ပို့ဆောင်မှုတွေလည်း ဆက်တိုက် ရှိလာမှာဖြစ်ကြောင်း၊ ဒီလို အရောင်းအဝယ် လုပ်ကြဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူထားကြောင်း၊ အမေရိကန်ရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးဖို့ ရုရှားကလည်း ထုတ်လုပ်မှု ပမာဏကို မြှင့်တင်သွားမှာဖြစ်ကြောင်း နိုဗက်ခ်က ဆိုပါတယ်။

ရုရှားဟာ ဒီဇယ်ဆီ မက်ထရစ်တန် ၃ သိန်းကို ချက်ချင်း တင်ပို့ရောင်းချမှာဖြစ်ပြီး နိုဝင်ဘာ လထဲမှာ တန်ချိန် ၅ သိန်း၊ အဲဒီနောက် တန်ချိန် ၁ သန်း တင်ပို့သွားမှာ ဖြစ်တယ်လို့ အစောပိုင်းမှာတော့ ထရမ့်က ပြောကြားထားပါတယ်။ တန်ချိန် ၃ သိန်း ဆိုတာဟာ စည်ပေါင်း ၂.၂၅ သန်းလောက်နဲ့ ညီမျှတဲ့ ပမာဏပါ။ တစ်ဖက်မှာတော့ အမေရိကန်ဟာ နေ့စဉ် ဒီဇယ် စည်ပေါင်း ၁.၅ သန်းကို နိုင်ငံတကာ စျေးကွက်ဆီ တင်ပို့ရောင်းချနေပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့မှာ ပူတင်ဟာ စတိဗ်ဝစ်ကော့ဖ် ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ ရုရှားရဲ့ ဒီဇယ်တင်ပို့ခွင့် ပိတ်ပင်ထားတာကို ပယ်ဖျက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပူတင်ကို ဝစ်ကော့ဖ်က ပြောကြားခဲ့ပြီး ပူတင်ကလည်း အဲဒီ အရောင်းအဝယ် ကိစ္စအကြောင်း ပြန်လည် ဆွေးနွေးခဲ့သလို နှစ်နိုင်ငံကြား ညှိနှိုင်းလုပ်ဆောင်မှုကြောင့် ကမ္ဘာ့ဒီဇယ်စျေးဟာ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းထိ ပြန်ကျသွားကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဝစ်ကော့ဖ်နဲ့ တွေ့ဆုံချိန် ကတည်းက ပူတင်က ရုရှားဟာ ဒီဇယ်တွေ တင်ပို့ရေးအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း၊ ရေနံတင် သင်္ဘောတွေကို တစ်စီးပြီးတစ်စီး စေလွှတ်ဖို့ စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။ နောက်ပြီး ရုရှားရဲ့ ဓာတ်မြေဩဇာတွေ အမေရိကန် စျေးကွက်ဆီ အလုံးအရင်း တင်ပို့နိုင်ရေး ကိစ္စကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲနောက်ပိုင်း သူ့ကို ပစ်မှတ်ထားပြီး ဒီမိုကရက်တစ် ပါတီက စုံစမ်းမှုတွေ လုပ်လာရင် ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အလယ်ပိုင်းက အခြေခံ အဆောက်အအုံတွေကို ရုရှားက ဒရုန်းတွေ အများအပြားနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို တိုက်ခိုက်မှု ပြန်စမယ်လို့ ယူကရိန်းက ပြောပါတယ်။ ကမ္ဘာ့လောင်စာဆီ စျေးကွက်မှာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေချိန် ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့...