အောက်တိုဘာ-၂၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့ထဲနေရာနှစ်ခုကို စစ်တပ်ကဒီနေ့ မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဒေသခံပြည်သူ ၉ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ ၊မနက် ၈ နာရီဝန်းကျင်မှာစစ်တွေမြို့ ရွှေငါးခွဆုံးဝန်းကျင်ကို ဗုံးတစ်လုံး၊ကျားရုပ်ဘုန်းတော်ကြီးကျောင်းဝန်းကျင် ကို ဗုံးတစ်လုံး နှစ်လုံးကြဲချခဲ့တာဖြစ်ပါတယ်။
“ဗုံးမချခင်တုန်းကY12 တစီးဝဲနေတယ်။ဒရုန်းလည်းနှစ်စီးဝဲနေခဲ့တယ်။ဘယ်ကချတာလဲတော့ အတိအကျမသိဘူး။ Y12 က ဖြစ်ဖို့များတယ်။ အဲဒါတွေ ဝဲပြီးတော့ အုန်းခနဲ ကျလာတာပဲ။ ရွှေငါးခွဆုံကစောမောင်လက်ဖက်ရည် ဆိုင်ကို တစ်လုံး၊ ကျားရုပ်ကျောင်းတလုံးကျတယ်” လို့ စစ်တွေမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement
ဗုံးကြဲတာကြောင့်ဒေသခံပြည်သူ ၅ ဦးပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာအပြင်အထန်ရသူ ၄ ဦးဟာလည်း ထပ်မံသေဆုံးခဲ့ပါတယ်။ဒါ့အပြင် ဒဏ်ရာပြင်းထန်စိုးရိမ်ရသူတွေ ရှိနေသေးတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
“မုန့်ရောင်း၊ဟင်းရောင်းနေတဲ့သူတွေ၊ လမ်းသွားလမ်းလာတွေ ပါတယ်။ မူဆလင်တွေလည်း ပါတယ်သေတာမှာ။ ခုနက တွေ့ခဲ့တယ် အလောင်းတွေဆို ကြောက်စရာကြီး၊ ထွက်ပြေးလာခဲ့တယ်” လို့ စစ်တွေမြို့ခံ အမျိုးသားတဦး က ပြောပါတယ်။
စစ်တွေမြို့အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ဟာ မြို့အနီးပတ်လည်နေရာတွေကို ဒရုန်း၊ Y12 ၊ ကင်းထောက် လေယာဉ်တွေနဲ့ အချိန်ပြည့်နီးပါး ကင်းထောက်တာတွေ လုပ်နေပြီး ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရန်တွေက AA ကလက်နက်ကြီးနဲ့ ပစ်တာဖြစ်ပြီး စစ်တပ်ကဗုံးကြဲတာမဟုတ်ဘူးလို့ရေးသားနေကြပါတယ်။
ကျရောက်ပေါက်ကွဲတဲ့ လက်နက်ဟာ Y12 နဲ့ ဒရုန်းက ပစ်ခတ်တာဖြစ်ပြီး လက်နက်ကြီးကျည်မဖြစ်နိုင်ဘူးလို့ ဗုံးပေါက်ကွဲတဲ့နေရာအနီးမှာရှိတဲ့ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်မှ မြို့ခံတဦးက ပြောပါတယ်။
“လက်နက်ကြီးဆိုရင်မကွဲခင်လက်နက်ကြီးလာနေတဲ့အသံကြားရသေးတယ်။ လက်နက်ကြီးသံတွေကို အမြဲတမ်းကြားနေရတော့ အဲဒါကို သိတယ်။ အခုက လက်နက်ကြီးမဟုတ်ဘူး။ ဗုံးကျတာပါ၊ ကွဲတဲ့အသံလည်း မတူဘူး။ ကျပြီးမှပဲ အသံကြားရတယ်။ Y12 ဝဲနေတုန်းကျတာဆိုတော့ Y12 က ချတာ သေချာတယ်။ Y12 က ဗုံးသီးကျလာတာကိုမြင်လိုက်ကြတဲ့သူတွေပါ ရှိတယ်”လို့သူကဆိုပါတယ်။
ဒါဟာစစ်တွေတိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့ထဲ ရည်ရွယ်ချက်ရှိရှိ ဗုံးချပြီး အာရက္ခတပ်တော် (AA)က ပြည်သူတွေကို လက်နက်ကြီးပစ်ခတ်သတ်ဖြတ်သယောင် ပုံဖော်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့ထဲ ဗုံးမကျခင် မနေ့ကလည်းစစ်တွေမြို့၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကာကင်းတွေရှိရာ အမြင့်ကျွန်းရွာ၀န်းကျင်မှ ကာကင်းစခန်းတခုကို AA က သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းနဲ့ စံပြရပ်ကွက်တို့ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းရှိ မြို့မစျေး ကြီးဝင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါ သေးတယ်။



















































