အောက်တိုဘာ-၂၃၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ သွားလာနေထိုင်ရာကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ဆိုပါတယ်။
အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီခန့်က သရက်မြို့အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)က တက်လာတဲ့ ပါရာမော်တာ ၃စီးနဲ့ မင်းတုန်းမြို့နယ် ၊ ရွာသစ်ကျေးရွာ နဲ့ ငှက်ပျင်းကျေးရွာအကြားကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement
ပါရာမော်တာ ၃စီးကနေ ဗုံး ၉လုံး ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ကြတဲ့ ပြည်သူ ၁ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။
ကြို့ဝကျေးရွာက မောင်ဖိုးလမင်း အသက် (၂၅)နှစ် သေဆုံးပြီး (၆၂)နှစ်အရွယ် ဦးကြည်ဝင်းနဲ့ (၄၇)နှစ်အရွယ် ဦးအောင်မြိုင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မင်းတုန်းမြို့နယ်မှာ ၁လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ၃ကြိမ်မြောက်ဖြစ်ပါတယ်။
အောက်တိုဘာ ၁၂ ရက်က မဲဇလီကျေးရွာ နဲ့ အောက်တိုဘာ ၈ ရက်က ချင်းနစ်ကျေးရွာတွေမှာလည်းလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ် ၁ဦးအပါအ၀င် ၃ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့တာ ရှိပါတယ်။
“အရပ်ဖက်နေရာတွေကို ဗုံးကြဲနေတာက စစ်တပ်က သူတို့မထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာရှိတဲ့ ပြည်သူတွေကို စိုးရိမ်စိတ်တွေများလာအောင် အကြောက်တရားတွေများလာအောင် ဖိအားပေးနေတဲ့သဘော”လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။
ရခိုင်နဲ့ မကွေးအစပ် မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းတွေ တက်နိုင်ဖို့နဲ့ အဲဒီကတဆင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ဘက် ထိုးဖောက်နိုင်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လကတည်းက ထိုးစစ်ဆင်နေတာ ရှိပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်တပ်စစ်ကြောင်းတွေ ရခိုင်ရိုးမပေါ် မတက်နိုင်သေးဘဲ ရိုးခြေကျေးရွာတွေမှာ တပ်ဖြန့်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောထားပါတယ်။



















































