ထွန်းညိုဦး/People’s Spring
အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီကျော်က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမြောက်ပိုင်းက ကပ်ရပ် အိမ်ကလေး ၂ လုံးအနက် တစ်လုံးမှာ လင်ယောကျာ်းသေဆုံးသွားပြီဖြစ်တဲ့ မစိုး(အမည်လွှဲ)နဲ့ သူ့ရဲ့သမီး ၃ ယောက်ရယ်၊ နောက်တစ်အိမ်မှာတော့ မအေးမာနဲ့ သမီး ၃ ယောက်ရယ် ရှိနေကြတယ်။ သူတို့က မိရိုးဖလာကွမ်းခြင်း ရက်စားကြသူတွေပါ။ သူတို့ရွာလေးက မုံရွာ အလုံတပ်မြို့နဲ့ ၄ မိုင်လောက် ဝေးတာပါ။
နေ့လယ် ၂ နာရီခွဲခန့်မှာတော့ ကွမ်းခြံကျေးရွာထဲဝုန်းကနဲအသံအကျယ်ကြီးမြည်သွားတယ်။ရွာတောင်ပိုင်းကကိုမောင်(အမည်လွှဲ)တစ်ယောက် အိမ်အပြင်ထွက်ကြည့်တော့ အစအနတွေ လာစင်တယ်။ သူတို့ရွာထဲကို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးနဲ့ ဗုံးကြဲသွားတာကိုသိလိုက်ရတယ်။ “ကျနော်တို့ဆီ တန်းလာတာမဟုတ်ဘူး။ မြောက်ဘက်အင်းတောကို အရင်ချပြီးမှ ဒီဘက်ကို ပြန်လှည့်ပြီးမှ ပစ်တာ”လို့ ကိုမောင်က ပြောတယ်။
ရွာမြောက်ပိုင်းမှာ မီးခိုးလုံးတွေ မည်းတက်လာတယ်။ “မီးလောင်ပြီဟ”ဆိုပြီး ကိုမောင်တို့ရွာသားတွေ မြောက်ပိုင်းကို ပြေးကြရတယ်။ ရွာမြောက်ပိုင်းရောက်တော့ အိမ်လေးတစ်အိမ်က မီးလောင်နေပြီ။ မီးလောင်နေတဲ့ အိမ်လေးက မုဆိုးမ မစိုးတို့အိမ်ကလေး။ နောက်တစ်အိမ်ကတော့ မအေးမာတို့အိမ်။ မအေးမာတို့အိမ်လေးကတော့ ဗုံးတည့်တည့်ကျလို့ ဖွာလန်ကြဲသွားခဲ့ပြီ။

Public Service Announcement
မစိုးတို့အိမ်ထဲကနေသားအမိတတွေက ကယ်ကြပါဦးလို့ ဝိုင်းအော်ခဲ့ကြသတဲ့။ ဒါပေမယ့် မစိုးတို့ ကံဆိုးရှာတယ်။ ရွာသားတွေ အိမ်ထဲဝင်မရအောင် မီးက အရှိန်ပြင်းပြင်း တောက်လောင်နေခဲ့တာပါ။ လောင်နေတဲ့မီးကိုပဲ ပိုက်တွေသယ်ပြီး ဝိုင်းငြှိမ်းရတယ်။
ဗုံးတည့်တည့်ကျတဲ့ မအေးမာတို့ အိမ်ထဲကနေ ဒဏ်ရာရထားတဲ့ ညီအစ်မ ၂ ဦးကို သယ်ထုတ်ကြတယ်။ အငယ်မလေး နှင်းယုဝေက တခါတည်း အသက်ဆုံးရှုံးသွားတယ်။ အကြီးမလေး နှင်းနွယ်ဦးကတော့ နီးစပ်ရာနေရာကို မ ခေါ်သွားကြတယ်။ သူလည်း လမ်းမှာတင် အသက်ဆုံးပါးခဲ့ရတယ်။
ကျန်တာ မီးငြိမ်းသတ်ရင်း ဝင်ရင်းဝင်ရင်းနဲ့ နောက်ထပ် ဖိုက်တာတက်လာတယ်ဆိုလို့ ပြန်ပြေးကြရတယ်။ ဒီဘက်မဟုတ်ဘူးတဲ့ဆိုမှ ထပ်ပြန်လာပြီး ငြှိမ်းရတယ်။ မစိုးတို့အိမ်ကလေး ရင်နင့်စရာမြင်ကွင်းကို တွေ့လိုက်ရတယ်။ မစိုးတို့ သားအမိ လေးယောက်လုံး ရုပ်ပျက်ဆင်းပျက် မီးလောင် သေဆုံးနေခဲ့တာပါ။
သေဆုံးသူ မိခင် မစိုးဆိုရင် အသက် ၄၁ နှစ်ပဲ ရှိပါသေးတယ်။ မစိုးနဲ့အတူ သေဆုံးတဲ့ သမီးလေးယောက်ကလည်း အရွယ်ကောင်းလေးတွေ။ ၁၇ နှစ်တဲ့။ ၁၅ နှစ်တဲ့။ ၁၃ နှစ်တဲ့။ ၂ နှစ်ကြီး ၂ နှစ်ငယ် ညီအမအရင်းအချာလေးတွေ။ နောက်တစ်အိမ်က သေဆုံးတဲ့ မအေးမာရဲ့ သမီးကလေးတွေကလည်း အရွယ်ကောင်းလေးတွေပါပဲ။ အကြီးမလေးက ၂၂ နှစ်၊ အငယ်မလေးက ၁၇ နှစ်ပါ။
မအေးမာရဲ့ သမီးကလေးတွေဟာဆိုရင် သူ့မိခင်နဲ့ သူတို့အောက်က ညီမလေး ပုန်းကျင်းထဲ အရင်ဝင်ဖို့ ဦးစားပေးခဲ့တာတဲ့။ “အေးမာနဲ့ ကလေးပေါက်စက ကျင်းထဲ ဝင်လိုက်တဲ့အတွက် ကလေးနှစ်ယောက်က ဝင်မယ်လို့လုပ်တုန်း ကျင်းဝရောက်ခါနီး မှန်လိုက်တာဆိုတော့ ကျင်းထဲ မရောက်လိုက်တာ။ မအေက လာကြလာကြလို့ခေါ်တဲ့အချိန် ဝင်မယ့်ဆဲဆဲ အမကို သံယောဇဥ်နဲ့ ပြန်လှည့်တော့ နှစ်ယောက်လုံး ချက်ကောင်းမှန်သွားတာ။ ညီမကတော့ တခါတည်းပွဲချင်းပြီးသွားတယ်။ အမကတော့ လမ်းမှာတင် ပျက်စီးတယ်”လို့ ဒေသခံ ကိုမောင်က ပြောပြတယ်။
မစိုးတို့ သားအမိလေးယောက်ရုပ်အလောင်းတွေကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့အတွက် မျောနဲ့ထမ်းပြီး ချပေးလိုက်ရတယ်။ ကျင်းတစ်ကျင်းထဲမှာပဲ စုပြီး မြှုပ်နှံပေးခဲ့ရတယ်။ ကျန်တဲ့ နှစ်ဦးကတော့ ဒဏ်ရာတွေနဲ့ထိပြီးဆုံးတာမို့ သီးခြားစီ မြှုပ်နှံပေးခဲ့တယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုအောက်တိုဘာလထဲမှာ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေပြီး ပြည်သူအစုလိုက် အပြုံလိုက် သေဆုံးတာတွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ် ၊ကရင်နီပြည်နယ် ၊ကရင်ပြည်နယ် ၊ကချင်ပြည်နယ်တို့ကိုလည်း မကကြာခဏဗုံးကြဲနေပါတယ်။စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတစ်ဝန်းအကြိမ်ပေါင်းသောင်းချီ ဗုံးကြဲခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာကိုသတ်ဖြတ်ခဲ့တယ်။ဒါ့အပြင် ပြည်သူထောင်ချီ ဒဏ်ရာရခဲ့သလို ဒီနေ့အထိလည်း လူမျိုး ၊ဘာသာ ၊နေရာဒေသ မရွေး ပြည်သူတွေကိုဗုံးကြဲနေဆဲဖြစ်ပါတယ်။
အောက်တိုဘာလ (၁၆) ရက် နေ့လယ်ပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂) ဦး၊ သက်ကြီးရွယ်အို (၃) ဦး၊ အမျိုးသမီးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရပါတယ်။
အောက်တိုဘာ ၅ ရက်နေ့က ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဘုတလင် ကွမ်းခြံရွာက ကျန်ရစ်တဲ့ မိသားစုတွေကတော့ အခုအချိန်ထိကို အရူးတပိုင်းပါပဲလို့ ကိုမောင်က ပြောပြတယ်။ သမားရိုးကျ ကွမ်းခြင်းလေး ရက်စားကြရတဲ့ ပြည်သူတွေကို ဗုံးလာကြဲသွားခဲ့တာပါ။ တခါမှ မကြုံဖူးတဲ့ တိုက်ခိုက်မှုကြီးကို ကြုံလိုက်ကြရတဲ့အတွက် ရွာသူရွာသားတွေ ထိတ်လန့်ခဲ့ကြရတယ်။ ရွာသူရွာသားတွေ ဆေးတွေ ထိုးကြရတယ်။ သွေးတွေတိုးတဲ့သူတိုးနဲ့။ “ကိုယ့်မိသားစုဝင်တွေလို ခံစားရတယ်”လို့ ကိုမောင်က ပြောပြတယ်။
မနက်ဖြန် သီတင်းကျွတ်လဆန်း ၁၃ ရက် အဝေးဖိတ်နေ့မှာတော့ မိသားစုနှစ်စုက သေဆုံးသူတွေအတွက် ရက်လည်လုပ်ပေးမယ်လို့ သိရတယ်။ သူတို့အိမ်လေးတွေ ရှေ့ကတော့ ဘယ်သူမှဖြတ်ဖို့ စိတ်ခွန်အားမရှိကြဘူး။ “ဒီလိုအဖြစ်အပျက်မျိုး နောင်ဘယ်တော့မှ မကြုံရပါစေနဲ့လို့ ဆုတောင်းမိပါတယ်”လို့ ကိုမောင်က နွမ်းနယ်နေတဲ့အသံနဲ့ ပြောလိုက်ပါတော့တယ်။ ။



















































