မသင့်လျော်တဲ့ ဆက်ဆံရေးတစ်ခုမှာ ရှုပ်ထွေးပတ်သက်ခဲ့ကြောင်း စွပ်စွဲချက်ကြောင့် နယူးဇီလန် စစ်တပ် အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။
လေတပ် အကြီးအကဲဖြစ်ပြီး နယူးဇီလန် စစ်တပ်ကို ကွပ်ကဲနေတဲ့ လေတပ် ဗိုလ်ချုပ်ကြီး တိုနီဒေးဗီးစ်က သူ့ရဲ့ ရာထူးကနေ နုတ်ထွက်ကြောင်း သတင်းကို အောက်တိုဘာ ၂၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
နုတ်ထွက်မှုဟာ ပုဂ္ဂိုလ်ရေး အကြောင်းရင်းတွေ၊ အတိတ်တုန်းက သူ့ရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့် ဖြစ်ကြောင်း၊ ဒီအတွက်လည်း သူက တာဝန်ယူဖို့လိုကြောင်း ပြောပါတယ်။
နယူးဇီလန် စစ်တပ်ကတော့ ဒေးဗီးစ်က ရာထူးပိုငယ်ခဲ့တဲ့ အချိန် စစ်တပ်ယူနစ် တစ်ခုကို ကြီးမှူးနေချိန် မသင့်မလျော် ဆက်ဆံရေး တစ်ခုနဲ့ ပတ်သက်ခဲ့ဖူးတယ်ဆိုတာ စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကြေညာထားပါတယ်။

Public Service Announcement
သူ့ရဲ့ ဆုံးဖြတ်ပုံ အမှားအယွင်းဟာ နယူးဇီလန် စစ်တပ်ရဲ့ စံတန်ဖိုးတွေကို ထိခိုက်စေခဲ့ကြောင်း၊ အဲဒီ အတိတ်တုန်းက ကိစ္စကို အခွင့်အရေး ရချိန်မှာ မဖော်ထုတ်ခဲ့မိတဲ့အတွက်လည်း နောင်တရမိကြောင်း ဒေးဗီးစ်က ဆိုပါတယ်။
ဒေးဗီးစ်ဟာ ဘယ်လို အရှုပ်အထွေးမျိုးနဲ့ ပတ်သက်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ကာယကံရှင်က သူ့ရဲ့ ပုဂ္ဂိုလ်ရေးကို လေးစားပေးဖို့ တောင်းဆိုထားပြီး လောလောဆယ် ဒေးဗီးစ်ဟာ မိသားစု အရေးကို အာရုံစိုက်ဖို့ ရွေးချယ်ထားကြောင်း စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်တပ်ရဲ့ ထိပ်ဆုံးအဆင့် အရာရှိတစ်ဦးက အခုလို အခြေအနေမျိုးနဲ့ နုတ်ထွက်ရတာဟာ နယူးဇီလန် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကြားမှာ ကြီးမားတဲ့ စိတ်အနှောင့်အယှက်မျိုး ဖြစ်လာစေနိုင်တယ်လို့ ကာကွယ်ရေး ဝန်ကြီး ပေါလ်ဂိုးလ်စမစ်သ်က ဝေဖန်ခဲ့ပါတယ်။
ဒေးဗီးစ်ကြုံခဲ့တဲ့ ကိစ္စဟာ ယုံကြည်စိတ်ချရမှု သမာဓိဂုဏ်နဲ့ ဆက်နွှယ်ပတ်သက်ပြီး ဒေးဗီးစ်ဟာ အရင်တုန်းက အဲဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း အသိပေးမထားခဲ့ကြောင်းလည်း ဂိုးလ်စမစ်သ်က ပြောကြားခဲ့ပါတယ်။ အခုတော့ ဒေးဗီးစ်ဟာ သူ့ရာထူးမှာ ဆက်ပြီး တာဝန်ယူဖို့ မထိုက်တန်တော့ဘူးဆိုတာ သူရော၊ ကာယကံရှင် ကိုယ်တိုင်ပါ သဘောတူ လက်ခံခဲ့ကြောင်းလည်း ဝန်ကြီးက ပြောဆိုသွားပါတယ်။
လေတပ်အကြီးအကဲ ဒေးဗီးစ်ဟာ နယူးဇီလန် လက်နက်ကိုင် တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲ ရာထူးမှာ ၂၀၂၄ ခုနှစ်တုန်းက ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုးကား: AFP



















































