ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။
ဝယ်လင်တန်မြို့ရဲ့ ကမ်းရိုးတန်း ဒေသ နေထိုင်သူတွေကို ဇွန်လ ၉ ရက် မနက်ပိုင်းမှာ အရေးပေါ် ရွှေ့ပြောင်းကြဖို့ တာဝန်ရှိသူတွေက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ကမ်းရိုးတန်း နေရာတချို့ကို ပေ ၃၀ နီးပါး အမြင့်ရှိတဲ့ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တဲ့နောက် အခုလို အရေးပေါ် ညွှန်ကြားချက်မျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဝယ်လင်တန် မြို့တော်ဝန် အန်ဒရူး လစ်တဲလ်က မြို့ရဲ့ အိုဟီရို၊ အိုင်းလန်း၊ ဟောက်တန်နဲ့ ဘရိတ်ကာ ကမ်းရိုးတန်း ဧရိယာတွေကို အရေးပေါ် အခြေအနေ ကြေညာပြီး လှိုင်းတွေ ကြီးမလာခင် ဒေသခံတွေ ရွှေ့ပြောင်းကြဖို့ သတိပေးခဲ့ပါတယ်။
ကမ်းရိုးတန်း ဧရိယာမှာ ရှိနေသူတွေက ကုန်းမြင့်ပိုင်းကို သွားရောက်နိုင်အောင်လို့လည်း ရဲတွေက လမ်းပြ ကူညီပေးခဲ့ပါတယ်။ ပြီးတော့ ကမ်းခြေဖက်ဆင်းတဲ့ လမ်းတွေကိုလည်း ဇွန်လ ၉ ရက် မနက်ပိုင်းမှာ ပိတ်ထားလိုက်ပါတယ်။

Public Service Announcement
အခုလို ဖြစ်ရပ်မျိုးကို ဘရိတ်ကာ ကမ်းရိုးတန်းနားမှာလည်း ၂၀၂၁ တုန်းက ကြုံခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပင်လယ်ပြင်မှာ မိုးသက်မုန်တိုင်း ကျရောက်ရာက ကမ်းခြေကို ၂၁ ပေလောက်မြင့်တဲ့ လှိုင်းတွေ ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၉ ရက်နေ့မှာတော့ ပင်လယ်ပြင်မှာ လေပြင်းတွေ တိုက်နေခဲ့ပြီး ကမ်းစပ်ထိ ရောက်လာတဲ့ လှိုင်းတွေကလည်း ၂၀၂၁ တုန်းကထက် ပိုကြီးမားခဲ့ပါတယ်။ လေအရမ်း ကြမ်းတာကြောင့် အိုင်းလန်းကမ်းခြေမှာ အမျိုးသမီး နှစ်ယောက်ဟာ မတ်တပ် ဆက်မရပ်နိုင်တော့ဘဲ လဲကျပြီး ဒဏ်ရာအနည်းအကျဉ်း ရသွားခဲ့ကြပါတယ်။
ဝယ်လင်တန် လေဆိပ်တဝိုက်မှာလည်း အကြမ်းဆုံး လေတိုက်နှုန်းက တစ်နာရီ ၁၂၈ ကီလိုမီတာနှုန်းထိ ပြင်းထန်ခဲ့တာကြောင့် လေယာဉ်ခရီးစဉ် တချို့ကို ဖျက်သိမ်းခဲ့ရပါတယ်။ လေဆိပ်မှာ ရပ်ထားတဲ့ လေယာဉ်ငယ် တစ်စီးဟာလည်း လေပြင်းကြောင့် ဘေးတခြမ်းစောင်းပြီး လဲကျသွားပေမယ့် လေယာဉ်ပေါ်မှာ လူတွေ ရှိမနေတာကြောင့် အထိအခိုက် မရှိခဲ့ပါဘူး။
ကြီးမားကျယ်ပြန့်ပြီး ဖြည်းဖြည်းချင်း ရွေ့လျားနေတဲ့ လေဖိအားနည်း ရပ်ဝန်းတစ်ခုနဲ့ တောင်ဝင်ရိုးစွန်းက တိုက်ခတ်လာတဲ့ လေအေးစီးကြောင်းတွေဆီက သက်ရောက်မှုတွေ စုပေါင်းသွားရာက နယူးဇီလန်မှာ အခုလို ပြင်းထန်ကြမ်းတမ်းတဲ့ ရာသီဥတုမျိုး ကြုံနေရတာလို့ သိရပါတယ်။
ကိုးကား: AFP


















































