အောက်တိုဘာ ၂၃၊ ၂၀၂၆။ ခိုင်မြတ် / People’s Spring
စစ်တွေမြို့ အရှေ့ဘက် ငပြီကျွန်း ကမ်းတက်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းလိုက် သေဆုံး အထိနာနေပေမယ့် ကမ်းတက်ဖို့ ဆက်တိုက် ကြိုးစားနေပြီး သေဆုံးသူတွေလည်း တိုးနေတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် ကျွန်းပေါ်မှာ အခြေချနိုင်ခြင်း မရှိသေးတာကြောင့် လေကြောင်း၊ လက်နက်ကြီး ပစ်ကူပေးကာ စစ်သင်္ဘော အများအပြား၊ အမြန်မော်တော်လှေ (Speed boat) အများအပြား သုံးပြီး ကမ်းထပ်တက်၊ အင်အားဖြည့်နိုင်ရေး အသေခံ ကြိုးစားနေတာ ဖြစ်ပါတယ်။
“နေ့တိုင်း တက်ဖို့ လုပ်တယ်။ အနောက်ဘက်ကမ်း၊ တောင်ဘက်ကမ်းတွေကနေ တက်ဖို့ လုပ်ကြတယ်။ အရင်လို သင်္ဘောတွေနဲ့တော့ မတက်တော့ဘူး။ စပိဘုတ်အသေးတွေနဲ့ ပတ်ပြီး တက်ဖို့ လုပ်ကြတယ်။ တက်ဖို့ လုပ်ရင် သေတာပဲ၊ နေ့တိုင်း တက်တယ်၊ နေ့တိုင်း သေတယ်” လို့ မြေပြင်ရှိနေတဲ့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ အဲဒီလို အသေခံပြီး ကမ်းတက်ဖို့ ကြိုးစားပေမယ့် ကမ်းပေါ်ကို အင်အားအလုံးအရင်းနဲ့ တက်နိုင်တာ မရှိတော့ဘဲ ကမ်းစပ် တိုက်ပွဲတွေမှာပဲ သေဆုံးတာ၊ အဖမ်းခံရတာတွေနဲ့သာ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။
ငပြီကျွန်းပေါ် အလယ်ရွာဝန်းကျင်မှာတော့ စစ်တပ်က ပထမအကြိမ် ကမ်းတက်နိုင်ပြီး ပိတ်မိနေတဲ့ စစ်သား အနည်းငယ် ရှိသေးပေမယ့် AA က ကမ်းထပ်တက်ဖို့ ကြိုးစားလာတဲ့သူတွေကိုသာ ဟန့်တား တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ပထမတစ်ခေါက် တက်ပြီးကတည်းက ဒီနေ့ထိ ထပ်ပြီး အပေါ်ရောက်တာ မရှိသေးဘူး။ အပေါ်က ကောင်တွေကတော့ ကျွန်းပေါ်မှာ အငတ်အငတ် အပြတ်ပြတ်နဲ့ပါပဲ ဒီကောင်တွေ၊ စစ်ကူလည်း ထပ် မရောက်နိုင်ဘူး” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။
ငပြီကျွန်း တိုက်ပွဲအတွင်း AA ဘက်ကလည်း စစ်တပ်ရဲ့ ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်သူ အချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ “တိုက်ပွဲမှာတော့ ကိုယ့်လူတွေ အထိအခိုက် နည်းတယ် ပြောတယ်။ လေကြောင်းနဲ့ပဲ နည်းနည်း ထိကြတယ်။ ဒါပေမယ့် ေွးတွေနဲ့ စာရင် တော်တော် နည်းတယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ငပြီကျွန်းပေါ်ကို စစ်တပ်က အောက်တိုဘာလ ၇ ရက်နေ့ကတည်းက ကမ်းတက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကမ်းတက်နိုင်ခဲ့တဲ့ စစ်သားတွေထဲက အားလုံးနီးပါး သေဆုံးခဲ့ပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကစပြီး ဒုတိယအကြိမ် အင်အားထပ်ဖြည့်၊ ကမ်းထပ်တက်ဖို့ ဆက်ကြိုးစားလာတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းအနီး ဘင်္ဂလားပင်လယ်နဲ့ ကုလားတန်မြစ်ဝ ဆုံရာမှာ စစ်သင်္ဘော ငါးစီးထက်မနည်း ချထားပြီး အဲဒီစစ်သင်္ဘောတွေကနေတဆင့် ငပြီကျွန်းပေါ် အချိန်ပြည့်နီးပါး ကမ်းတက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
“နေဗီ (Navy) တွေ အမြဲတမ်း ရှိတယ်။ Frigate (ဖျက်သင်္ဘော) တွေပါ ပါတယ်။ ဒီဘက် ငပြီကျွန်းနားမှာတော့ မနေဘူး။ ကမ်းနားတွေလည်း မကပ်၊ မြစ်လယ်မှာပဲ။ စပိဘုတ်တွေပဲ သွားနေကြတာ ပတ်ပြီး။ ဒရုန်းတွေလည်း နှစ်စီးလောက်က အမြဲတမ်း မလပ်တမ်း ရှိတယ်” လို့ ငပြီကျွန်း အရှေ့ဘက်ကမ်း ပေါက်တောမြို့နယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်ကစခဲ့တဲ့ ငပြီကျွန်း တိုက်ပွဲ နှစ်ပတ်ကျော်အတွင်း AA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က သေဆုံးသူ ၁၀၀ ဝန်းကျင်နဲ့ အရှင်ဖမ်းခံရသူ ၅၀ နီးပါး ရှိပြီဖြစ်ပြီး စစ်သင်္ဘော နှစ်စီးဟာလည်း မီးလောင် ပျက်စီးခဲ့ပါတယ်။ ငပြီကျွန်းပေါ်က စစ်တပ် ထိန်းချုပ်နိုင်ခဲ့တဲ့ နေရာတစ်ခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့ပါတယ်။
အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ စစ်တွေမြို့ပေါ်ကို ဗုံးကြဲခဲ့ပြီး ၉ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်က ကမ်းတက်ဖို့ ကြိုးစားနေတဲ့ ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့ အဓိက ရေတပ် ထောက်ပို့ကာကင်းစခန်းကြီး ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် တစ်မိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး စတုရန်းဧက လေးထောင်ကျော် အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်း တစ်ခုဖြစ်ပါတယ်။ အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာ သုံးရွာ တည်ရှိပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ငပြီကျွန်းပေါ် ကမ်းတက်ဖို့ ကြိုးစားနေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်နေသလို စစ်တွေမြို့နယ်အတွင်းက စစ်တပ်ရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေ အပါအဝင် စစ်တပ်ရဲ့ အခြေစိုက် တပ်ရင်း၊ တပ်စခန်းတွေကို အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်တို့ကနေ ဝန်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေပါတယ်။
လက်ရှိမှာ စစ်တွေမြို့ အနောက်ဘက် ရေချမ်းပြင် အနီးဝန်းကျင်၊ မြောက်ဘက် အမြင့်ကျွန်း၊ တောကန်၊ ငတောက်တက်၊ ကျားမသောက်နဲ့ အရှေ့ဘက် ရွှေမင်းဂံ ရေတပ်စခန်း ဝန်းကျင်တို့မှာ တိုက်ပွဲတွေ ဖြစ်နေကြပါတယ်။ ဒါ့အပြင် ဒကစ စစ်တွေနဲ့ နှစ်မိုင်ဝန်းကျင် အကွာ ကျားမသောက် တပ်ရင်းအနီးဝန်းကျင်ရှိ တောကန်၊ ရာတန်ကျေးရွာ တဝိုက် စစ်တပ် ကာကင်းစခန်းတွေကိုလည်း AA က တိုက်ခိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။
စစ်တပ်က စစ်တွေမြို့ အရှေ့ဘက်ရှိ ငပြီကျွန်းပေါ်ကို အင်အားအလုံးအရင်း သုံး ကမ်းတက်ဖို့ ကြိုးစားနေချိန်မှာ AA ဟာ စစ်တွေမြို့ ပတ်လည်က အခြေစိုက်တပ်ရင်းတွေနဲ့ ဒကစတို့ အနီးဆုံးထိ ချဉ်းကပ်ပြီး ထိုးစစ်ကို အရှိန်မြှင့် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမ အရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာဝတီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး တန်ပြန်ထိုးစစ် ဆင်နေခဲ့တာ တစ်လခွဲကျော် ရှိပြီဖြစ်ပါတယ်။
စစ်တပ် ဝါဒဖြန့် လူမှုကွန်ရက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာ တွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေး တစ်လခွဲကျော် ကာလအတွင်း စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု၊ စုစုပေါင်း တပ်စခန်း ၁၇ ခုထက်မနည်း လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်း ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။



















































