အောက်တိုဘာ ၂၄၊ ၂၀၂၆။ People’s Spring
အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရက သဘောထား စတင် ပျော့ပျောင်းလာနေကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Burma Campaign UK က ဝေဖန်ပြောကြားလိုက်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သံရုံးကိုယ်စားလှယ်ကို လက်ခံတွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်း ဦးဆောင်တဲ့ အစိုးရကို Burma Campaign UK က အခုလို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဗြိတိန်အစိုးရ ဝန်ကြီးနှစ်ဦးက လန်ဒန်မှာ လက်ခံတွေ့ဆုံခဲ့တဲ့နောက် ဘန်ဟမ်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် မူဝါဒ သဘောထားပိုင်း သိသိသာသာ ပြောင်းလဲလာနေပြီလို့ Burma Campaign UK က စွပ်စွဲခဲ့ပါတယ်။
လန်ဒန်မှာ အခြေစိုက်တဲ့ Burma Campaign UK က အခုဆိုရင် ဗြိတိန်ဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ပုံမှန် အခြေအနေဆီ ပြန်လည် ဦးတည်ဖို့ တိုးတိုးတိတ်တိတ် လှုပ်ရှားနေကြောင်း ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အပြီးမှာ ဗြိတိန်အပါအဝင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အတုအယောင် ရွေးကောက်ပွဲ တစ်ခုကနေ သမ္မတရာထူးကို ရယူခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု၊ တရားဝင်မှုတွေ ရရှိနိုင်အောင် အပူတပြင်း ကြိုးစားနေပါတယ်။

Public Service Announcement
နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) ရဲ့ အိန္ဒိယ-ပစိဖိတ်ဆိုင်ရာ ဝန်ကြီး ဘရွန်နက် ဝင်တာဒန်ဟာ အောက်တိုဘာ ၁၄ ရက်နေ့တုန်းက မြန်မာစစ်တပ် ခန့်အပ်တဲ့ ယာယီသံရုံးတာဝန်ခံ ဝင်းဇေယျာထွန်းကို အာဆီယံ-လန်ဒန် ကော်မတီ အခမ်းအနား တစ်ခုမှာ တွေ့ဆုံခဲ့ပါတယ်။ နောက်ထပ် ၂ ရက်အကြာမှာ ဝင်းဇေယျာထွန်းဟာ စီးပွားရေး၊ ဆန်းသစ်တီထွင်မှု၊ သိပ္ပံနှင့် ကုန်သွယ်ရေးဌာန ဝန်ကြီး လော့ဒ်ဆိုနီလီယွန်းနဲ့လည်း တွေ့ခွင့်ရခဲ့ပြန်ပါတယ်။
အဲဒီ တွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဗြိတိန်က နှုတ်ပိတ်နေခဲ့ပြီး အာဏာသိမ်း မြန်မာစစ်တပ်ကသာ ဝါဒဖြန့်ဖို့ ကြေညာခဲ့တဲ့အကြောင်းလည်း Burma Campaign UK ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။
ဝင်းဇေယျာထွန်းနဲ့ ဗြိတိန်အစိုးရ အရာရှိတွေ တွေ့ဆုံတဲ့ ဓာတ်ပုံတွေကို အာဏာသိမ်း စစ်တပ် ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက ထုတ်ပြန် ပြသခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်နဲ့ ဆက်ဆံရေးကို ပြန်လည် စတင်ဖို့ အမေရိကန်အစိုးရရဲ့ ခြေလှမ်း ပြင်ဆင်မှုတွေကို နိုင်ငံတကာက အာရုံစိုက်နေပေမယ့် တစ်ချိန်တည်းမှာပဲ ဗြိတိန်အစိုးရကလည်း အာဏာသိမ်း စစ်တပ်နဲ့ ဆက်ဆံရေးကို ပုံမှန် ပြန်လည်ထားရှိဖို့ တိုးတိုးတိတ်တိတ် ကြံစည် လုပ်ဆောင်နေကြောင်း Burma Campaign UK ရဲ့ အရာရှိတစ်ဦးဖြစ်သူ ဦးမင်းသန့်ဘိုက ပြောကြားခဲ့ပါတယ်။
အခုလို တွေ့ဆုံမှုတွေဟာ နိုင်ငံတကာ အလယ်မှာ တရားဝင် ရပ်တည်မှုကို အပူတပြင်း ရှာဖွေနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအတွက် ဝါဒဖြန့်ဖို့ နောက်ထပ် အခွင့်အရေး တစ်ခုကို ဖန်တီးပေးလိုက်တာနဲ့ အတူတူပဲလို့လည်း Burma Campaign UK က ဝေဖန်သွားခဲ့ပါတယ်။
ကိုးကား — Independent

















































