Connect with us

Hi, what are you looking for?

သတင်း

စီးရီးအသစ်မှာ မြန်မာ့နန်းတွင်း ဝတ်စားဆင်ယင်မှုတွေကို ကူးယူထားကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထိုင်းကုမ္ပဏီ ရှင်းလင်း

မြန်မာကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေကို ကူးယူထားကြောင်း စွပ်စွဲ ဝေဖန်မှုတွေ ကြုံနေတဲ့ ထိုင်းရုပ်မြင်သံကြား စီးရီးနဲ့ ပတ်သက်လို့ ဖျော်ဖြေရေး ကုမ္ပဏီ GMMTV က ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၂၄၊ ၂၀၂၆။ People’s Spring

မြန်မာကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေကို ကူးယူထားကြောင်း စွပ်စွဲ ဝေဖန်မှုတွေ ကြုံနေတဲ့ ထိုင်းရုပ်မြင်သံကြား စီးရီးနဲ့ ပတ်သက်လို့ ဖျော်ဖြေရေး ကုမ္ပဏီ GMMTV က ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

GMMTV ရဲ့ အဆိုအရ သမိုင်းနောက်ခံ စိတ်ကူးယဉ် စီးရီးဖြစ်တဲ့ Scarlet Heart Thailand မှာ အသုံးပြုထားတဲ့ ဝတ်စုံဒီဇိုင်းတွေ၊ အနုပညာ လက်ရာတွေဟာ ထိုင်းယဉ်ကျေးမှု တစ်ခုတည်းကိုသာ အခြေခံထားတာ မဟုတ်ကြောင်း လန်နာ၊ တိုင်တိုင်းရင်းသား ယဉ်ကျေးမှုတွေအပြင် မြန်မာ၊ တရုတ် ရိုးရာဟန်တွေကိုပါ မှီငြမ်းပြီး ဖန်တီးထားတာလို့ ဖော်ပြပါတယ်။ အဲဒီစီးရီးသစ်ကို နိုဝင်ဘာလမှာ ထုတ်လွှင့် ပြသမှာပါ။

စီးရီးရဲ့ trailer တွေထဲမှာ တွေ့ရတဲ့ ဝတ်စုံတွေ၊ အသုံးအဆောင်တွေဟာ ကုန်းဘောင်ခေတ် နန်းတွင်း ဝတ်စားဆင်ယင်မှုတွေကို ကူးချထားတာ ဖြစ်ကြောင်း မြန်မာတွေက လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားခဲ့ကြတဲ့နောက် အောက်တိုဘာ ၂၃ ရက်နေ့မှာ ကုမ္ပဏီဖက်က ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စီးရီးအတွက် ဇာတ်အိမ်တည်ထားတဲ့ ယူလာဗီဆိုတဲ့ မြို့တော်ဟာ တကယ်မရှိတဲ့ စိတ်ကူးယဉ် ဖန်တီးမှု ဖြစ်သလို နောက်ခံ ဓလေ့ထုံးစံတွေ၊ ဝတ်စားဆင်ယင်မှုတွေကိုလည်း ထိုင်းနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေကို ပေါင်းစပ်ပြီး ပြသထားတာ ဖြစ်တယ်လို့ GMMTV က ဆိုပါတယ်။

GMMTV အနေနဲ့ မြန်မာ့အနုပညာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရဲ့ လှပညက်ညောမှုနဲ့ ထူးခြားတဲ့ ကိုယ်ပိုင်ဟန်တွေ၊ တခြားစံတန်ဖိုးတွေ အားလုံးကို လေးစားကြောင်းလည်း ကုမ္ပဏီက ပြောကြားထားပါတယ်။ စီးရီးထဲမှာ ပါဝင်တဲ့ မြင်ကွင်းတွေ၊ နောက်ခံပုံရိပ်တွေ အားလုံးဟာ ထိုင်းယဉ်ကျေးမှုက ဆင်းသက်လာတဲ့ အကြောင်းအရာတွေအဖြစ် ရည်ညွှန်းဖို့ လုံးဝ ဆန္ဒမရှိကြောင်း GMMTV က ဖြေရှင်းထားပါတယ်။

မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လေးစား တန်ဖိုးထားမှု၊ အသေးစိတ် ဖော်ပြလိုမှုတွေအတွက် ထိုင်းနိုင်ငံ နောက်ခံ မဟုတ်တဲ့ စိတ်ကူးယဉ် မြို့တော်တစ်ခုကို ဖန်တီးခဲ့တာလို့ ကုမ္ပဏီဖက်က ပြောပါတယ်။

စိတ်ကူးယဉ် ဇာတ်လမ်းတွဲ တစ်ခုထဲက ပုံရိပ်တွေနဲ့ ပတ်သက်လို့ ယဉ်ကျေးမှုဆိုင်ရာ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့မိတာကို ကုမ္ပဏီဖက်က တောင်းပန်ခဲ့ပြီး ပရိသတ်တွေဆီက တုံ့ပြန်မှုတွေ၊ စနစ်တကျ ကိုးကားဖော်ပြမှုတွေကို လက်ခံရရှိခဲ့တဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

မြန်မာပရိသတ်အချို့ကတော့ ကုမ္ပဏီက အခုလို ထုတ်ပြန်ပြီးနောက် မြန်မာနန်းတွင်း ဝတ်စားဆင်ယင်မှုတွေ ကိုးကားထားတယ်ဆိုရင် ဇာတ်လမ်းမှာပါ အဲတာကို အသိပေးဖို့ဆိုပြီး မှတ်ချက်ပြုနေကြတာ တွေ့ရပါတယ်။ လူမှုကွန်ရက်မီဒီယာပေါ်မှာ လူပြောများနေတဲ့ ဒီဖြစ်စဉ်အပေါ် ကမ္ဘောဒီးယားနိုင်ငံသားတွေကလည်း စိတ်ဝင်တစား ရေးသားမှတ်ချက်ပြုကြတာကိုလည်း တွေ့ရပါတယ်။

Scarlet Heart Thailand ဟာ တရုတ်ဝတ္ထု တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မျက်မှောက်ခေတ်က အမျိုးသမီး တစ်ယောက်ဟာ နောက်ကြောင်းပြန် အချိန်ခရီးသွားရင်း ယူလာဗီမြို့က အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ပိတ်မိသွားပြီး မင်းသား ၇ ပါးရဲ့ အာဏာလုပွဲထဲ ကြားညပ်ရပုံကို ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။

အဲဒီဇာတ်ကားမှာ ဝင်မက်တာဝင်၊ တူတွန်တာဝမ်၊ နာနွန်ကိုရာပတ်၊ တေတာဝမ်၊ ဖို့သ်နတ်တာဝတ်၊ ပတ်သ်တာနာပွန်စတဲ့ ထိုင်းသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။

ကိုးကား — Khaosod

ဆက်စပ်သတင်းများ

သတင်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက်မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးတဲ့စင်တာမှာ အာဏာသိမ်း မြန်မာစစ်တပ်က ခန့်အပ်တဲ့ အာဏာပိုင်တွေ ခြယ်လှယ် ကြီးစိုးနေသလို ၊စစ်​ခေါင်း​ဆောင်မိသားစုနဲ့ နီးစပ်သူ​တွေလုပ်ခွင့်ရထားကြောင်း ထိုင်းသတင်းထောက်တဦးကထပ်မံဖော်ထုတ်ရေးသားပါတယ်။

သတင်း

အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် စစ်အုပ်စုက လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှု လုပ်ငန်းစဉ်ကို သတင်းလာယူတဲ့ ထိုင်းသတင်းထောက်တစ်ဦးကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ သတင်းရယူခွင့် ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့ ကာယကံရှင် သတင်းထောက်က လူမှုကွန်ရက်မှာ ဒီကနေ့ ရေးသားပါတယ်။