Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မော်စီတုံးကို အာဏာရှင်လို့ ပြောဆိုမိခဲ့တဲ့အတွက် အမ်ဘက်ပေ ပြန်တောင်းပန်

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ သူ့ရဲ့ မှတ်ချက်ဟာ ဘာကိုမှ သေချာ မစဉ်းစားဘဲ အလွယ် ပြောလိုက်မိတာဖြစ်ကြောင်း၊ ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းက တရုတ်အသိုင်းအဝန်းကို ထိခိုက်စေခဲ့တယ်ဆိုတာ အခုတော့ သဘောပေါက်လာကြောင်း ဖော်ပြထားခဲ့ပါတယ်။

ပြဿနာတွေရဲ့ အစကတော့ သူ့ကို အာဏာရှင်လို့ ရည်ညွှန်းနောက်ပြောင်ကြတဲ့ အင်တာနက် memeတွေနဲ့ ပတ်သက်ပြီး အမ်ဘက်ပေက မှတ်ချက်တစ်ခု ပေးခဲ့ရာမှာ မော်ကို အာဏာရှင် တစ်ယောက်လို့ ပြောဆိုမိခဲ့တာပါ။ ဘောလုံးလောကမှာ အမ်ဘက်ပေကို ပရိသတ်တွေက အာဏာရှင်လို့ နောက်ပြောင် ခေါ်ဝေါ်ကြသလို သူ့ရဲ့ပုံတွေကိုလည်း အာဏာရှင် ပုံစံမျိုး တုပ ဖန်တီးတဲ့ memeတွေ လုပ်လေ့ရှိပါတယ်။

အင်တာဗျူး တစ်ခုမှာတော့ သူ့အကြိုက်ဆုံး memeအကြောင်းကို မေးတဲ့အခါ အမ်ဘက်ပေက တရုတ်အာဏာရှင်လို့ ယူဆရတဲ့ ပုဂ္ဂိုလ်တစ်ယောက် နေရာမှာ သူ့မျက်နှာနဲ့ ဖန်တီးထားတဲ့ meme ဗီဒီယို တစ်ခုလို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီ အင်တာဗျူး ဗီဒီယိုထဲမှာတော့ အပြာရောင် ဝတ်စုံနဲ့ မော်ရဲ့ မျက်နှာမှာ အမ်ဘက်ပေရဲ့ မျက်နှာ အစားထိုး ဖန်တီးထားတဲ့ ပုံကို ပြသထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမ်ဘက်ပေက ဒီကိစ္စကို ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့ဟန် ရှိပေမယ့် တရုတ်ပြည်တွင်းမှာတော့ ရိုက်ခတ်မှုက အရမ်းကြီးမားလာပါတယ်။ ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် အမ်ဘက်ပေနဲ့ ချုပ်ဆိုထားတဲ့ တရုတ် ကုမ္ပဏီ အနည်းဆုံး ၃ ခုဟာ ကြော်ငြာ စာချုပ်တွေကို ရပ်ဆိုင်းခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ အမ်ဘက်ပေက သူ့စကားကြောင့် စိတ်ထိခိုက်ခဲ့ရသူ အားလုံးကို တောင်းပန်ကြောင်း၊ သူ့အနေနဲ့ ဒီလို ဖြစ်စေဖို့ လုံးဝ မရည်ရွယ်ခဲ့ကြောင်း၊ တရုတ်ပြည်သူတွေအပေါ် လေးစားသလို အခုဖြစ်ရပ် အတွက်လည်း လှိုက်လှိုက်လှဲလှဲ တောင်းပန်ကြောင်း ပြောကြားထားပါတယ်။

ပြဿနာ မတက်ခင်ကတော့ အမ်ဘက်ပေဟာ တရုတ်မှာ လူကြိုက်အများဆုံး အားကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ကြော်ငြာဓာတ်ပုံတွေကို စားသောက်ကုန်တွေ၊ အအေးပုလင်းတွေ၊ မြေအောက်ရထား ဘူတာတွေ၊ ဓာတ်လှေကားတွေထိ နေရာစုံမှာ တွေ့ခဲ့ရပါတယ်။

ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် အဖျော်ယမကာ လုပ်ငန်းစု Dongpeng၊ နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကြီး Mengniu၊ ဒိန်ခဲလုပ်ငန်း Milkgroundတို့က အမ်ဘက်ပေနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီမှုတွေကို အဆုံးသတ်မယ်လို့ ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ နိုင်ငံသားတွေကို ထိခိုက်စေတဲ့ စကားလုံးတွေ၊ လုပ်ရပ်တွေကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ အဲဒီ ကုမ္ပဏီတွေက ပြောပေမယ့် အမ်ဘက်ပေရဲ့ အာဏာရှင် မှတ်ချက်ကိုတော့ တိုက်ရိုက် ရည်ညွှန်းမထားပါဘူး။

ဒါပေမဲ့ ပြင်သစ်ရဲ့ podcast အစီအစဉ် တစ်ခုဖြစ်တဲ့ The Bridgeမှာ အမ်ဘက်ပေ ပြောဆိုထားတဲ့ မှတ်ချက်စကား ဗီဒီယို ထွက်ပေါ်လာပြီးနောက်ပိုင်း အခုလို စာချုပ်ဖျက်သိမ်းမှုတွေ ကြုံလာတာပါ။ တရုတ် ဘောလုံးအဖွဲ့ချုပ်ကလည်း အမ်ဘက်ပေရော၊ ရီးရဲလ်အသင်းပါ ဒီကိစ္စအတွက် တရားဝင် စာထုတ်ပြီး တောင်းပန်ဖို့ တောင်းဆိုထားပါတယ်။

တရုတ်ရဲ့ နိုင်ငံပိုင် မီဒီယာအဖွဲ့ China Media Groupကလည်း ပြည်တွင်းမှာ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲတွေ၊ အမ်ဘက်ပေ ပါဝင်တဲ့ ဘောလုံးပြိုင်ပွဲတွေ ထုတ်လွှင့်ပြသမှု ရပ်စဲမယ်လို့ ပြောပါတယ်။ လာလီဂါကတော့ အမ်ဘက်ပေရဲ့ စကားဟာ တရုတ်ပြည်သူတွေအတွက် စိတ်ထိခိုက်စရာ ဖြစ်ခဲ့လို့ ဝမ်းနည်းမိကြောင်း၊ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး မှတ်ချက်စကား တစ်ခွန်းဟာ လာလီဂါရဲ့ အမြင်ကို ကိုယ်စားမပြုကြောင်း ကြေညာခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိကတော့ လူထုရဲ့ ခံစားချက်ကို ထိခိုက်စေတဲ့ လုပ်ရပ်မျိုး ကျူးလွန်ရင်၊ မှတ်ချက်စကားတစ်ခုခု ပြောခဲ့ရင် တရုတ်လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍပေါင်းစုံက စုပေါင်း ဆန့်ကျင်ကြတာဟာ ပုံမှန် အခြေအနေ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နှစ်ဖက် လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်ဖြစ်နေတယ်လို့ အိန္ဒိယ နယ်စပ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ နယ်စပ်မြို့ တစ်ခုကို သွားရောက်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နေရပ်ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံက အထပ်မြင့် တိုက်ခန်းတစ်ခုရဲ့ လုံခြုံရေး သံပန်းမှာ ခေါင်းညပ်ပြီး တွဲလောင်းဖြစ်နေတဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ပြုတ်ကျမသွားအောင် ဒေသခံတွေက ခွေးခြေခုံ တစ်ခုနဲ့ ခံထားပေးခဲ့ပြီး နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ စက်သုံးဆီဆိုင်မီးလောင်မှုကို မြို့ခံမီးသတ်တပ်ဖွဲ့က မနိုင်တဲ့အတွက် တရုတ်နိုင်ငံ မီးသတ်က လာ‌ရောက် ငြှိမ်းသတ်ပေးရတယ်လို့ မြို့ခံတွေကပြောပါတယ်။