အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စမလာဖို့ အမေရိကန်နဲ့ အစ္စရေးကို အီရန် အစိုးရ အဓိပတိက တင်းတင်းမာမာ သတိပေးခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ အပြီးမှာ အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း သတင်းတွေကြောင့် အရှေ့အလယ်ပိုင်း ဒေသမှာ စိုးရိမ်မှုတွေ မြင့်တက်နေချိန် အောက်တိုဘာ ၃၁ ရက်နေ့မှာ မော့ဂျ်တာဘာ ခါမေနီဆီက အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အီရန်အပေါ် ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမဆို ချက်ချင်း လက်တုံ့ပြန်မှာ ဖြစ်ကြောင်း၊ ပြီးတော့ အီရန်ရဲ့ တုံ့ပြန်မှုဟာ ပထဝီဝင် အခြေအနေအရ ဘာကန့်သတ်မှုမှလည်း ထားရှိမှာ မဟုတ်ကြောင်း ခါမေနီက အစည်းအဝေး တစ်ခုမှာ အီရန်စစ်ဦးစီးတွေကို ပြောကြားခဲ့တယ်လို့ သူ့ရဲ့ရုံး ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
အီရန်ကို တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်နဲ့ ဇီယွန်နစ်ရန်သူ (အစ္စရေး)တို့ရဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အကျိုးစီးပွား အားလုံးကို တိုက်ခိုက်ဖို့လည်း အဓိပတိကြီးက အီရန် လက်နက်ကိုင် တပ်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

Public Service Announcement
ခါမေနီဟာ အီရန်စစ်ပွဲ စတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ကတည်းက လူမြင်ကွင်းကို လုံးဝ ထွက်မလာခဲ့သေးပါဘူး။ စစ်ပွဲ အဖွင့်နေ့မှာ သူ့ရဲ့ဖခင် အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ပြီး အဲဒီနောက် ခါမေနီက ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တာပါ။
လောလောဆယ်မှာတော့ အမေရိကန်နဲ့ အီရန်တို့ကြား အလွတ်သဘောအဖြစ် တိုက်ခိုက်မှုတွေ ရပ်နားထားပေမယ့် သက်တမ်းဝက် ရွေးကောက်ပွဲပြီးရင် အမေရိကန်က စစ်ဆင်ရေးတွေ ပြန်စလာနိုင်တယ်ဆိုတဲ့ သတင်းတွေကတော့ ပျံ့နှံ့နေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုကတော့ တိုက်ခိုက်မှုတွေ ပြန်စဖို့ကိစ္စ အမေရိကန် အစိုးရမှာ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။ တကယ်လို့ ဖြစ်ချင်တယ်ဆိုရင် စစ်ရေးရည်မှန်းချက်တွေ အောင်မြင်အောင် စွမ်းဆောင်နိုင်စွမ်းမျိုး အမေရိကန်က ပိုင်ဆိုင်ထားကြောင်း၊ ဒါပေမဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ဘာကိုမှ တိတိကျကျ မဆုံးဖြတ်သေးကြောင်း ရူဘီရိုက ပြောကြားသွားပါတယ်။
ထရမ့်က အီရန်စစ်ပွဲကို သံတမန်ရေး နည်းလမ်းနဲ့ အဆုံးသတ်နိုင်ဖို့ ပိုပြီး လိုလားနေကြောင်း သူက ပြောပေမယ့် ထိတွေ့ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ခြေ အချိန်ကာလကိုတော့ တိတိကျကျ မှတ်ချက် ပေးမသွားခဲ့ပါဘူး။
တိုက်ပွဲတွေ ပြန်စလာရင် ဟောမုဇ် ရေလက်ကြားမှာ သွယ်တန်းထားတဲ့ ရေအောက် အင်တာနက် ကေဘယ်လ်ကြိုးတွေကို ဖြတ်တောက်ပစ်ဖို့ စဉ်းစားထားကြောင်း အစောပိုင်းမှာလည်း အီရန်က ခြိမ်းခြောက်ထားဖူးပါတယ်။
ကိုးကား: France24




















































