နိုဝင်ဘာ-၁၁၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ကချင်-စစ်ကိုင်းအစပ်နဲ့ ကချင်-ရှမ်းမြောက်အစပ် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အထိနာရှုံးနိမ့်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ် ဗန်းမော်၊ ခေါင်လန်ဖူးနဲ့ ကချင်-စစ်ကိုင်းအစပ် အင်းတော်ကြီးဒေသ၊ ကချင်-ရှမ်းမြောက်အစပ် မိုးမိတ်ဒေသ၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရှိ ကချင်-စစ်ကိုင်းအစပ် ဒေသတွေမှာ စစ်အင်အားဖြည့်ပြီး ထိန်းချုပ်နယ်မြေတွေပြန်ရဖို့ လမ်းကြောင်းစိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ အဲဒီဒေသ စစ်ရေးအခြေအနေတွေကို ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြတာပါ။
“ကချင်ပြည်နယ်ဘက်က အခြေအနေကို ခြုံကြည့်မယ်ဆိုရင် သူတို့လည်း ထိုးတော့ ထိုးပါတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ အောင်မြင်မှုတော့ မရဘူးပေါ့နော်။အများပိုင်းကတော့ သူတို့ ရှုံးတယ်လို့ ကျနော်မြင်ပါတယ်။ ကျနော့်အမြင်ပါ။ ကျနော်ရဲ့ သတင်းတွေစုဆောင်းကြည့်တဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်။ မိုးမိတ်ဘက်ကရယ် ၊နောက်ဗန်းမော်ဘက်ကရော ၊အခု မန္တလေးနဲ့ မြစ်ကြီးနား ကားလမ်းတကြောရယ် ၊နောက် အင်းတော်ကြီးဘက်က အခြေအနေရယ် နောက် ခေါင်လန်ဖူးဘက်က အခြေအနေ တွေ အားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့သူတို့ရဲ့ ရည်မှန်းချက် အထိ အောင်ပွဲခံတာတော့ မတွေ့ရပါဘူး။ အများပိုင်းကတော့ သူတို့ အထိနာတာကို ကျနော်တို့ တွေ့ရပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလဆန်းမှာ မိုးမိတ်ကို စစ်အင်အား တထောင်ခန့် ဖြည့်တင်းပြီး မိုးမိတ်-မြစ်ဆုံ-မဘိမ်း လမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးခဲ့ရာ တလအတွင်း မြို့နဲ့ ၁၀မိုင်ခန့် အကွာအထိ ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလဆန်းမှာ KIA ပူးပေါင်းတပ်ရဲ့ တန်ပြန်ထိုးစစ် တပတ်အတွင်း စစ်တပ် စစ်ကြောင်းတွေ မြို့အနီး ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေ မိုးမိတ်မြို့အနီးထိ ပြန်ဆုတ်ခွာသွားတာကို ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။
“မိုးမိတ်ဘက်ကိုပြန်ဆုတ်တယ်လို့ ပြောရမှာပေါ့။ မိုးမိတ်ကနေ ၄မိုင်၊ ၅မိုင်အထိ ပြန်ဆုတ်သွားတဲ့ အခြေအနေရှိပါတယ်။တိုက်ပွဲကတော့နေရာရှင်းလင်းရေးလုပ်ရင်းနဲ့ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေရှိပါတယ်။နောက်တခုက လက်နက်ကြီးနဲ့ ဒရုန်းနဲ့ လှမ်းပစ်တဲ့အခြေအနေရှိပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ထံက လက်နက်ငယ်တွေသိမ်းရတာရှိတယ်လို့လည်းသူက အတည်ပြုပါတယ်။
“သူတို့လည်း အထိမနာလို့ရှိရင်တော့ သူတို့လည်း ပြန်ဆုတ်ဖို့ အကြောင်းတော့မရှိဘူးပေါ့။ ဒါပေမဲ့အထိနာလို့ သူတို့ ပြန်ဆုတ်သွားတာတွေ့ရပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဗန်းမော်မြို့တိုက်ပွဲမှာလည်း စစ်တပ်က အထိနာခဲ့ကြောင်း ရှင်းပြပါတယ်။
“ဗန်းမော် ခလရ(၄၇) ပတ်ဝန်းကျင်ဘက်မှာ သူတို့ ထိန်းချုပ်နေရာတိုးချဲ့ဖို့အတွက် သူတို့လည်း ထိုးစစ်ဆင်တာ တွေ့ရပါတယ်။ ဒီတပတ်အတောအတွင်းမှာတော့ သူတို့က ဆက်ပြီးမှ ထိုးတာမတွေ့ရဘူး။ နည်းနည်းနားတဲ့ပုံစံရှိပါတယ်။ ဘာကြောင့်လဲဆိုတာ အတိအကျတော့ မသိဘူး။ ဒါပေမဲ့ သူတို့လည်း တော်
တော်များများတော့ အထိနာတာကတော့ ကျနော်တို့ ကြားသိရပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါ့အပြင် KIA က ထိုးစစ်ဆင်နေတဲ့ ဗန်းမော် မိုးစိန်းကျွန်းမှာလည်း နှစ်ဖက်တပ်တွေ ဆိုင်ထားတဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ မိုးစိန်းကျွန်းဟာ ဧရာ၀တီမြစ်နဲ့ တာပိန်မြစ်ကြားက ကျွန်းတကျွန်းဖြစ်ပြီး စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်လို့ KIAက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ခေါင်လန်ဖူးဒေသ မှာလည်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲငယ်လေးတွေရှိနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒရုန်းလွှတ်ကင်းထောက်တာ ၊ ကင်းလှည့်လို့ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်တာတွေရှိပြီး နေ့တိုင်း စစ်ရေးတင်းမာနေကြောင်း အသိပေးပါတယ်။
KIA ပူးပေါင်းတပ်ဟာ ခေါင်လန်ဖူးဒေသက စစ်တပ်နဲ့ ပြည်သူ့စစ်ရဲ့ အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းအပါအဝင် မြန်မာ-တရုတ်နယ်စပ်က တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ခေါင်လန်ဖူးတိုက်ပွဲအထိနာတဲ့ စစ်တပ်ကလည်း ကချင်ပြည်နယ်ထဲက စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေကို ခေါင်လန်ဖူးစစ်မြေပြင်ကို ပို့ဆောင်ကာ ရှေ့တန်းက တိုက်ခိုက်ခိုင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်နဲ့ ကချင်-စစ်ကိုင်းအစပ် ဟုမ္မလင်းမြို့နယ်တွေက စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ တပ်စခန်းတွေကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတာတွေရှိပါတယ်။ အဲဒီဒေသတွေမှာ စစ်တပ်နဲ့ SNAက စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားလာလို့ KIAက ခုခံတိုက်ခိုက်နေတာလို့လည်း အသိပေးထားပါတယ်။
ကချင်-စစ်ကိုင်းအစပ် ဒေသဖြစ်တဲ့ အင်းတော်-မော်လူးဒေသတွေမှာလည်း KIAနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ တပ်ဖွဲ့တွေပူးပေါင်းပြီး စစ်တပ်ထိုးစစ်ကို ခုခံတိုက်ခိုက်လျက်ရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အင်အား
အလုံးအရင်းဖြည့်တင်းပြီး မန္တလေး-မြစ်ကြီးနား လမ်းကြောင်းထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လျက်ရှိရာ စစ်တပ်သေဆုံးထိခိုက်များပြားသလို စစ်တပ်စခန်းအချို့ကိုလည်း အခု နိုဝင်ဘာလထဲမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာတွေရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာနိုင်ငံတဝန်းစစ်မျက်နှာ ၁၅ ခုလောက်မှာ စစ်မှုထမ်း တပ်သားသစ်တွေ အသုံးပြု ထိုးစစ်ဆင်နေပြီး အဲဒီ ထိုးစစ်တွေဟာလည်း လိုရာမရောက် ထင်တိုင်းမပေါက်ဖြစ်နေတာ တွေ့ရကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားပါတယ်။
“အဲဒီတော့ ရန်သူ့ထိုးစစ်တွေသာ ဦးကျိုးကုန်မယ်ဆိုရင် သို့မဟုတ် စစ်မျက်နှာတိုင်းမှာ ထိုးစစ်တွေ ချေမှုန်းခံရမယ်ဆိုရင် အထူးသဖြင့် ပစအင်အား ပြုန်းသွားပြီဆိုရင် စစ်ရေးချိန်ခွင်လျှာ အလှည့်အပြောင်း ကြီးကြီးမားမား ကြုံရလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ထားတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားထားတာပါ။



















































