Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းမှာ မြေရှားသတ္တု ထုတ်လုပ်ဖို့ အမေရိကန်ကို အာဏာသိမ်းစစ်တပ် စည်းရုံးနေတယ်လို့ဆို

မြန်မာနိုင်ငံမှာ မြေရှားသတ္တုတွေ တူးဖော် ထုတ်လုပ်ဖို့ အမေရိကန် အစိုးရကို အာဏာသိမ်း စစ်တပ်က စည်းရုံးနေကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

မြန်မာနိုင်ငံမှာ မြေရှားသတ္တုတွေ တူးဖော် ထုတ်လုပ်ဖို့ အမေရိကန် အစိုးရကို အာဏာသိမ်း စစ်တပ်က စည်းရုံးနေကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပြည်တွင်းစစ် ဝဲဂယက်ထဲ ကျဆင်းသွားတဲ့ နိုင်ငံရဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ စစ်တပ်က တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ မြန်မာ့မြေရှားသတ္တု ထုတ်လုပ်မှု စျေးကွက်ကို အိမ်နီးချင်း အင်အားကြီး နိုင်ငံလည်းဖြစ်၊ အမေရိကန်ရဲ့ စူပါပါဝါ ပြိုင်ဘက်လည်းဖြစ်တဲ့ တရုတ်က လွှမ်းမိုးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မြန်မာ့အရေးဆိုင်ရာ မဟာဗျူဟာ အစီရင်ခံစာ တစ်ခုမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေသတွင်း ဩဇာဖြန့်ကျက်မှုကို ချဲ့ထွင်ဖို့၊ မြန်မာ့ မြေရှားသတ္တု အရင်းအမြစ်တွေကို လက်လှမ်းမီဖို့ ရည်ရွယ်ထားတဲ့အကြောင်း ဖော်ပြထားပါတယ်။ Reutersက နေပြည်တော်မှာရှိတဲ့ အာဏာသိမ်းစစ်တပ် အရာရှိတွေနဲ့ အမေရိကန်ကြားမှာ လပေါင်းများစွာ လျှို့ဝှက် ဆွေးနွေးမှုတွေ ရှိနှင့်ခဲ့ပြီးသားလို့လည်း ဖော်ပြခဲ့ပါတယ်။

မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာန ကိုယ်စား လော်ဘီလုပ်ပေးနေတဲ့ အမေရိကန် အကျိုးဆောင် လော်ဘီကုမ္ပဏီ DCI Groupက အမေရိကန် အနေနဲ့ မြန်မာကို အရေးပါတဲ့ ဓာတ်သတ္တု ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဦးစားပေး အကြောင်းအရာ တစ်ခုအနေနဲ့ပဲ တွေးသင့်ပြီး သံတမန်ရေး စိန်ခေါ်မှု တစ်ခုအဖြစ် မရှုမြင်သင့်ကြောင်း မှတ်ချက်ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဓာတ်သတ္တုတွေဟာ နှစ်ဖက်ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်ဖို့ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ အကြောင်းကိစ္စမျိုးလို့ သတ်မှတ်နိုင်ကြောင်း၊ အထူးသဖြင့် အဲဒီ ဓာတ်သတ္တုတွေဟာ မြန်မာ့ စီးပွားရေး အလားအလာကောင်းတွေကို အမေရိကန် အမျိုးသား လုံခြုံရေး၊ ရင်းမြစ် လိုအပ်ချက် ဦးစားပေး ရည်မှန်းချက်တွေနဲ့ ချိတ်ဆက်ပေးနိုင်စွမ်း ရှိနေကြောင်း DCI Groupက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းဌာနတွေရဲ့ ဆက်သွယ် မေးမြန်းမှုကို တုံ့ပြန်ရာမှာ အမေရိကန် ကုမ္ပဏီတွေ လာရောက် အခြေချဖို့ ကိုက်ညီတဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးပေးဖို့၊ နိုင်ငံတည်ငြိမ်ရေးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုဆီကို ဦးတည်ဖို့ မြန်မာဖက်ကို အမေရိကန် အစိုးရက တိုက်တွန်းထားကြောင်း ပြောကြားသွားပါတယ်။

မြန်မာဟာ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ်ထုတ် တာဘိုင်တွေ၊ တခြား အဆင့်မြင့် နည်းပညာ အီလက်ထရောနစ် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ အလေးစီး မြေရှားသတ္တု အမျိုးအစားတွေ ထွက်ရှိတဲ့ နိုင်ငံတစ်ခုပါ။ လက်ရှိမှာတော့ မြန်မာက ထွက်ရှိသမျှ အလေးစီး မြေရှားသတ္တု အားလုံးနီးပါးကို တရုတ်က သိမ်းကျုံးဝယ်ယူနေပါတယ်။ တရုတ်ဟာ မြေရှားသတ္တုတွေကို အခြေပြု ထုတ်လုပ်တဲ့ ကမ္ဘာ့သံလိုက်ထုတ်ကုန် စျေးကွက် ၉၀ ရာခိုင်နှုန်းကိုလည်း လက်ဝါးကြီး အုပ်ထားပါတယ်။

အဲဒီ စျေးကွက် အားသာမှုကို ပိုင်ဆိုင်ထားရာမှာ မြန်မာက ထွက်ရှိတဲ့ မြေရှားသတ္တု ကုန်ကြမ်းတွေကလည်း တရုတ်အတွက် အစိတ်အပိုင်း တစ်ခုကနေ အထောက်အပံ့ ပေးနေပါတယ်။ တစ်ဖက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မြေရှား ရရှိရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေကို လျှော့ချဖို့အတွက် အရင်းအမြစ် အသစ်တွေကို အပူတပြင်း ရှာဖွေနေပါတယ်။

DCI Groupရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်ဟာ မြန်မာ့ သယံဇာတ ထုတ်ယူရေး ကဏ္ဍကို နှစ်ပေါင်းများစွာ ကြီးစိုးထားကြောင်း၊ တရုတ် ကုမ္ပဏီတွေက မြန်မာ့စျေးကွက်ထဲမှာ အခြေခိုင်နေတာကို အလွယ်တကူ လက်လွတ်ခံမှာ မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Reutersရဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ရော၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပါ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ထရမ့်ဟာ အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်ရှိလာချိန် ကတည်းက မြေရှားသတ္တုတွေ တိုးပွားရရှိရေးကို အမျိုးသား လုံခြုံရေး မဟာဗျူဟာရဲ့ ဦးစားပေး ရည်မှန်းချက် တစ်ခုအဖြစ် အကောင်အထည် ဖော်နေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

Facebook