နို၀င်ဘာ -၁၁၊၂၀၂၆။မိုမို/People’s Spring
မန္တလေးတိုင်းအတွင်းက အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်စစ်သားတွေကို တိုက် ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာ၀န်ခံက လူထုနွေဦးကို ပြောပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်ကနေ ငါ့သရောက်နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တောင်သာမြို့နယ် အေးရွာက စစ်တပ်ကို အောက်တိုဘာနဲ့ နို၀င်ဘာ ၆ ရက်တွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“၁၁ လပိုင်း ၆ ရက်နေ့မှာ ညောင်ဦးဘက်ကနေ ငါ့သရောက်ဘက်ကို အင်အား ၁၀၀ လောက်နဲ့ စစ် ကြောင်းထိုးလာတဲ့စစ်ကြောင်းကို ညောင်ဦး ရင်း ၅ ရယ်၊တောင်သာ ပကဖ ရယ် PGF ရယ် ပူးပေါင်း တိုက်ထုတ်တာ စစ်ကြောင်းအထိနာပြီး ညောင်ဦးဘက် ပြန်ဆုတ်သွားတယ်”လို့ အထက်ပါ တာ၀န်ခံက တိုက်ပွဲ အခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က ပုဂံ၊ညောင်ဦးမြို့နယ် ငါ့သရောက်နယ်မြေမှာ မကြာခဏစစ်ကြောင်းထိုးနေပြီး ကျေးရွာတွေ မီးရှို့ဖျက်ဆီးထားပါတယ်။
အောက်တိုဘာ ၆ ရက် တိုက်ပွဲက တောင်သာမြို့နယ် အေးရွာမှာ အထိုင်ချထားတဲ့ တရုတ်ပိုက်လိုင်းစောင့် စစ်ကောင်စီ တပ်သားတွေ အရပ်သားကားနဲ့ ရေသယ် နေချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကာ စစ် တပ်ဘက်က ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာ၀န်ခံက အသိပေးပါတယ်။
အခုနှစ် ဩဂုတ် ၁၃ ရက်ကလည်း တောင်သာမြို့နယ်က ဂက်စ်ပိုင်းလိုင်းစောင့် ဒုဗိုလ် ၁ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်ပစ်ဗုံးတလုံးနဲ့ အခြားပစ္စည်းတချို့ကို သိမ်းယူခဲ့တယ်လို့ TTAတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်စစ်ဆေးမှုတွေကို စစ်တပ်ရဲ့ စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူး ဝဏ္ဏဌေးနဲ့အတူ ပူးပေါင်းကာ မြို့ခံပြည်သူတွေကို နှိပ်စက်သတ်ဖြတ်မှုတွေမှာဦးဆောင်ခဲ့တဲ့ တောင်သာမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်ပြည့်ဖြိုးမောင်ဟာ အခုလ ၃ ရက်နေ့က ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။




















































