အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ချိန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန် ကုမ္ပဏီတွေအတွက် ဒေါ်လာ ၁၇ ဘီလီယံကျော်ဖိုး စီးပွားရေးဆိုင်ရာ သဘောတူညီမှုတွေကို အာဆီယံနိုင်ငံတွေနဲ့ ညှိနှိုင်း ရယူလာနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။
ထရမ့်ဟာ အခုသီတင်းပတ်ထဲမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ဆီ သွားရောက်ခဲ့ပြီး အာဆီယံ-အမေရိကန် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ နှစ်ရက်ကြာ ခရီးစဉ် အတောအတွင်း ထရမ့်ဟာ အမေရိကန် ကုမ္ပဏီတွေအတွက် အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးဆိုင်ရာ သဘောတူညီမှုတွေကို ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
အဲဒီထဲမှာ Boeingနဲ့ GE Aerospace လေကြောင်း ကုမ္ပဏီတွေက ဖိလစ်ပိုင် လေကြောင်းလိုင်းအတွက် Boeing 787 လေယာဉ် အစီး ၂၀ ရောင်းချပေးရေးအတွက် ဒေါ်လာ ၁၂ သန်းတန် သဘောတူညီမှုလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
တစ်ဖက်မှာတော့ ဖိလစ်ပိုင်ရဲ့ ဒေါ်လာ ၂ ဘီလီယံဖိုး စစ်လက်နက်တွေ ဝယ်ယူရေး ကိစ္စမှာ အမေရိကန် အစိုးရက ငွေကြေး ကူညီ ထောက်ပံ့ဖို့ကိုလည်း နှစ်နိုင်ငံကြား ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင်ရဲ့ စစ်ဆင်ရေးတွေအတွက် ဒေါ်လာ သန်း ၄၀၀ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement
Subic Grain ကုမ္ပဏီဟာ ဆူဘစ်ပင်လယ်အော်မှာ ဒေါ်လာ သန်း ၄၀ တန် ဆီလှောင်စခန်းတစ်ခု တည်ဆောက်သွားဖို့ ပြင်ဆင်နေပြီး အမေရိကန်တပ်တွေ ပိုမိုဖြန့်ကျက်နိုင်ဖို့၊ ကယ်ဆယ်ရေးနဲ့ သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေး မစ်ရှင်တွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ဖိလစ်ပိုင်ဟာ ဘာစကို လေဆိပ်ကို အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။
ထရမ့်ရဲ့ ခရီးစဉ်အတွင်း ထိုင်းကလည်း အမေရိကန်မိတ် HIMARS အတွဲလိုက်ပစ် ဒုံးကျည်စနစ်တွေကို ဒေါ်လာ ၁၂၃ သန်းဖိုး ဝယ်ယူဖို့ ဆွေးနွေးခဲ့ပါတယ်။ အင်ဒိုနီးရှားမှာတော့ Latitudeနဲ့ Danantaraတို့ဟာ အမေရိကန် နည်းပညာ အသုံးပြုထားတဲ့ ဒေါ်လာ ၂ ဘီလီယံတန် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ရေး ပရောဂျက်ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။
Navajo Transitional စွမ်းအင် ကုမ္ပဏီက မလေးရှား အစိုးရပိုင် ဓာတ်အားပေး ယူနစ်တစ်ခုအတွက် သုံးနှစ်တာ ကျောက်မီးသွေးတွေ ထောက်ပံ့မယ့် ဒေါ်လာ သန်း ၁၀၀ တန် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ဘရူနိုင်းကတော့ ဒေါ်လာ ၁ ဘီလီယံလောက်တန်တဲ့ အချက်အလက်စင်တာ တစ်ခု တည်ဆောက်ရေးအတွက် အမေရိကန် ကုမ္ပဏီ Vertivနဲ့ စာချုပ်သွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်သွားပါတယ်။
ကိုးကား: Reuters

























































