Connect with us

Hi, what are you looking for?

ဆောင်းပါး

ဆိုင်တွေ၊ လုပ်ငန်းတွေ ပိတ်သိမ်းကုန်တဲ့အခါ…

ဆယ်စုနှစ်တစ်ခုစာ ကြိုးစား ရပ်တည်လာတဲ့ ရှမ်းပြည်နယ်က တစ်ပိုင်တစ်နိုင် စားသောက်ကုန် လုပ်ငန်းလေး ပိတ်ရတော့မယ့် အခြေအနေကို ကိုစိုင်းနော် တစ်ယောက် မချိတင်ကဲ ဖြစ်လို့နေပါတယ်။

ဇော်ဝင်း / People’s Spring

ဆယ်စုနှစ်တစ်ခုစာ ကြိုးစား ရပ်တည်လာတဲ့ ရှမ်းပြည်နယ်က တစ်ပိုင်တစ်နိုင် စားသောက်ကုန် လုပ်ငန်းလေး ပိတ်ရတော့မယ့် အခြေအနေကို ကိုစိုင်းနော် တစ်ယောက် မချိတင်ကဲ ဖြစ်လို့နေပါတယ်။

သူ့လုပ်ငန်းမှာ သုံးရတဲ့ မုန့်သား ပွတက်လာစေမယ့် တဆေး (Yeast) နဲ့ ဂျုံပေါင်းတဲ့အခါ နူးညံ့ဖို့ သုံးရတဲ့ မုန့်ဖုတ်ပေါင်ဒါ (Baking Powder) တွေက လုံးဝ ဝယ်မရတော့အထိ ဖြစ်ပါတယ်။

ဒါ့အပြင် အစားအသောက်ထဲ မပါမဖြစ် ထည့်ရတဲ့ ပြည်တွင်းထွက် ကြက်ဥနဲ့ ကြက်သွန်နီ ဈေးတွေ တစ်နေ့တခြား ပိုတိုးလာနေတာကလည်း လုပ်ငန်း ဆက်ရပ်တည်ဖို့ နောက်ထပ် အတားအဆီးတစ်ခုလို့ ကိုစိုင်းနော်က ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

“တဆေးတို့၊ မုန့်ဖုတ်ပေါင်ဒါတို့ဆိုတာ ထိုင်းနဲ့ တရုတ် ထုတ်တွေ သုံးရတာ။ အဲဒါမှ ကိုယ်ထုတ်တဲ့ အစားအသောက် ကွာလတီ ကောင်းကောင်း ရတယ်။ စားတဲ့သူတွေလည်း အရသာ ပြည့်စားရတယ်။ ပုံမှန် ယူနေကြ ရန်ကုန်ဒိုင်မှာကိုက ပစ္စည်း လက်ကျန် မလောက်တာ။ ဒါတွေ မရှိရင် ဘာမှ ဆက်လုပ်လို့ မရဘူးလေ” လို့ သူ့အခက်အခဲကို ပြောပြပါတယ်။

အာဏာသိမ်း စစ်တပ်လက်အောက် မြန်မာ့ စီးပွားရေး မူဝါဒနဲ့ ပကတိ အခြေအနေ ဆိုးတွေက ကိုစိုင်းနော် တစ်ယောက်တည်း ကြုံနေရတာ မဟုတ်ပါဘူး။ အခုလပိုင်းတွေအတွင်းမှာ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ လုပ်ငန်း ဆယ်နဲ့ချီပြီး ရပ်ဆိုင်း ထွက်ခွာမယ်ဆိုတဲ့ နေ့စဉ်ရက်ဆက် ကြေညာချက်တွေက အခြေအနေကို ပိုပြီး မြင်သာစေပါတယ်။

အဲဒီထဲမှာ အနည်းဆုံး လွန်ခဲ့တဲ့ ၁၂ နှစ်ဝန်းကျင်ကတည်းက တည်ထောင်ခဲ့တဲ့ ခရီးသွား၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ ထုတ်ပိုးမှုနဲ့ မော်တော်ယာဉ် သက်ဆိုင်တဲ့ ပြည်တွင်း ကုမ္ပဏီတွေအပြင် လုပ်သား အင်အား ထောင်ဂဏန်း ရှိတဲ့ ပြည်ပက ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံတွေ အပါအဝင် ကဏ္ဍပေါင်းစုံက ကုမ္ပဏီကြီး တချို့ပါ ရှိပါတယ်။

အထူးသဖြင့် ဟံသာဝတီ လေဆိပ်၊ ကျောက်ဖြူ စက်မှုဇုန်နဲ့ ဆိပ်ကမ်း၊ ပဲခူး စက်မှုဇုန်၊ ဒဂုံ ဆိပ်ကမ်း မြို့ပြအိမ်ရာ၊ ကန်တော်ကြီး ငါးပြတိုက်၊ ပြည်လမ်း မြေအောက် လူကူးလမ်း စတဲ့ စီမံကိန်းတွေကို စီမံ ခန့်ခွဲမှုအထိ ပါဝင်ခဲ့တဲ့ စင်ကာပူ အစိုးရလက်အောက်ခံ မြို့ပြ စီမံကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ ရပ်ဆိုင်းမယ်ဆိုတာ နိုဝင်ဘာ ၁၂ ရက်က ကြေညာခဲ့တယ်။

ဒါ့အပြင် ဂျပန် ကုန်သွယ်ရေး ကုမ္ပဏီကြီး Itochu Corporation လက်အောက်က Isuzu မော်တော်ယာဉ် လုပ်ငန်းနဲ့ လူသုံးကုန်၊ စားသောက်ကုန် လုပ်ငန်းစုကြီး Unilever ကပါ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်း ရှယ်ယာတွေကို ရောင်းချပြီး မြန်မာ့ ဈေးကွက်ကနေ ရုပ်သိမ်းမယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

အလားတူပဲ လန်ဒန် အခြေစိုက် ကမ္ဘာ့ အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေး အကြံပေး ဝန်ဆောင်မှု လုပ်ငန်းကွန်ရက် PricewaterhouseCoopers (PwC) မြန်မာကပါ ထွက်ခွာမယ်လို့ အောက်တိုဘာ တတိယပါတ်က အသိပေးထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်ထုတ် သတင်းစာတွေထဲမှာ ဆောက်လုပ်ရေးဆိုင်ရာ ကုမ္ပဏီနဲ့ မော်တော်ယာဉ် စက်ပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီတွေ စာရင်းရှင်းလင်း ရပ်ဆိုင်းတော့မယ်လို့ ထပ်မံ ကြေညာထားပါတယ်။

“ဝန်ထမ်းတွေ အများကြီးနဲ့ လည်ပတ်နေရတဲ့ နိုင်ငံခြား ကုမ္ပဏီတွေက အခက်အခဲ ပိုရှိတာပေါ့။ ကျွန်တော်တို့လည်း ထိနေတာပဲ။ အသက်ရှု ကြပ်နေတာပဲ။ အဓိက သွင်းကုန် ပိတ်ဆို့မှုတွေကြောင့်” လို့ ရန်ကုန်မြို့မှာ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း အရောင်းဆိုင် ဖွင့်ထားတဲ့ ကိုချမ်းအေးက သူ့အမြင်ကို ပြောပြပါတယ်။

ကုမ္ပဏီနဲ့ လုပ်ငန်းတွေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်း စီးပွားရေး အသက်သွေးကြော တစ်ခု ဖြစ်ပြီး စီးပွားရေး ရပ်ဝန်း တစ်ခုလုံး လှုပ်ရှားနိုင်ဖို့အတွက် အဓိက မောင်းနှင်အား အဖြစ် စီးပွားရေး စစ်တမ်းတွေမှာ ပုံဖော်ထားပါတယ်။

ဒါ့အပြင် ပြည်တွင်း စီးပွားရေး တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေကို တိုင်းတာတဲ့အခါ ပြည်တွင်း၊ ပြည်ပက ကုမ္ပဏီနဲ့ လုပ်ငန်း (ရင်းနှီးမြှုပ်နှံမှု) က အရေးကြီးတဲ့ ညွှန်းကိန်း တစ်ခုအဖြစ် တွက်ချက်ပါတယ်။

တစ်နည်းအားဖြင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံ့ စီးပွားရေး ဘယ်လောက် တိုးတက်လာနိုင်မလဲဆိုတာကို ကြိုတင် ခန့်မှန်းနိုင်တဲ့ စံနှုန်းတစ်ခု ဖြစ်ပါတယ်။

အလုပ်အကိုင်၊ ဝင်ငွေ၊ အခွန်၊ ဆန်းသစ် တီထွင်မှုနဲ့ ကုန်စည် ဝန်ဆောင်မှု ဆိုင်ရာ အရည်အသွေး တိုးတက်မှု စတဲ့ လူမှု ပတ်ဝန်းကျင်အတွက်ပါ ကုမ္ပဏီ၊ လုပ်ငန်းတွေ ရှင်သန် လည်ပတ်နိုင်မှုကနေ တစ်ဆင့် အရေးပါတဲ့ ထောက်ပံ့ရေး ကွင်းဆက်ကို ရရှိစေပါတယ်။

ဒါပေမယ့် လက်ရှိ မြန်မာပြည်တွင်း ကုန်ထုတ် လုပ်ငန်းတွေဟာ ကုန်ကြမ်း ရှားပါးမှု၊ သယ်ယူ ပို့ဆောင်ရေး စရိတ်၊ ပို့ကုန် သွင်းကုန် လိုင်စင် ကန့်သတ်ချက်တွေနဲ့ ငွေလဲနှုန်း သတ်မှတ်ချက်တွေကြောင့် နှေးကွေးနေတယ်လို့ အမေရိကန် အခြေစိုက် စီးပွားရေး သတင်းအချက်အလက် အဖွဲ့အစည်း S&P Global ရဲ့ အောက်တိုဘာလထုတ် စစ်တမ်းမှာ ဖော်ပြပါတယ်။

“စစ်ခေါင်းဆောင်တွေက ကိုယ့်ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ နေရာတွေမှာ တော်တော်လေး ဝင်ရှုပ်နေတာ။ တတ်သိ နားလည်တဲ့ လူတွေ မရှိတာ မဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ အဲဒီလူတွေ လုပ်ခွင့်မရတာထက် မလုပ်ရဲဘူး။ မလုပ်ချင်ဘူး။ နောက်ဆုံး ဒီအလွဲချော်တွေက လူထုကို တော်တော် ဆိုးဆိုးဝါးဝါး ခံစားရစေတာပါပဲ” လို့ ကုမ္ပဏီတချို့အတွက် စီးပွားရေး သတင်းအချက် အကြံပေး အဖြစ် လုပ်ကိုင်နေသူ ကိုဝဏ္ဏစိုးက သူ့အမြင်ကို ထုတ်ပြောပါတယ်။

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် နိုဝင်ဘာ ၁၈ ရက်မှာ စစ်တပ်လွှတ်တော်မှာ ပြောကြားခဲ့တဲ့ ကျော်ကြား ပြောစကားတွေမှာလည်း စစ်တပ်လက်အောက်မှာ တိုင်းပြည် စီးပွားရေး အခြေအနေ ဘယ်လောက် ယိမ်းယိုင် နေလဲဆိုတဲ့ အချက်အလက်တွေ တွေ့ရပါတယ်။ စစ်အုပ်စုကို ကမ္ဘာ့ဘဏ်၊ IMF၊ ADB အပါအဝင် ဘယ်အဖွဲ့အစည်းကမှ ဘယ်နိုင်ငံကမှ ချေးငွေ မပေးတော့တာ၊ ရန်ပုံငွေ မပေးတာကို မင်းအောင်လှိုင် ငြီးတွားပါတယ်။ ချေးငွေ၊ ရန်ပုံငွေ၊ အကူအညီတွေ မရတော့ပေမယ့် ပြည်ပ ကြွေးမြီတွေကတော့ နေ့စဉ် ဒေါ်လာ ၂ သန်းလောက် ပြန်ဆပ်နေရတဲ့ကြားက ဒေါ်လာ ၈ ဘီလီယံကျော် ဆပ်ဖို့ ကျန်နေပါသေးတယ်။

ကုန်သွယ်ရေးမှာလည်း အဓိက နယ်စပ် ကုန်သွယ်ရေး စခန်းတွေဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်း အပါအဝင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး၊ မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးတွေ ပုံမှန် မလုပ်နိုင်လို့ တိုင်းပြည် ဝင်ငွေ နည်းပါးသလို သွင်းကုန်တွေလည်း ပိုရှားလာပါတယ်။

နိုင်ငံခြားငွေ ဝင်ရောက်မှုမှာ ပြည်ပ ရောက် လုပ်သားတွေက အိမ်ပြန် ပို့ငွေ၊ ဓာတ်ငွေ့ ရောင်းရငွေ၊ အထည်ချုပ် လုပ်ငန်းတွေ-CMP တွေက ရငွေ၊ ဆန်နဲ့ ပဲလို လယ်ယာ ထွက်ကုန်တွေ တင်ပို့မှုက ရငွေတွေ လောက်သာ ရှိတာမှာ အထည်ချုပ် လုပ်ငန်းတွေလည်း တဖြည်းဖြည်း ထွက်ခွာကုန်လို့ ဝင်ငွေ လျော့ပြီး အလုပ်လက်မဲ့ များလာပါတယ်။

နိုင်ငံခြားငွေ အဝင် နည်းတာကြောင့် ဆေးဝါး၊ မရှိမဖြစ် လူသုံးကုန် စည်တွေကအစ စစ်အုပ်စုက တင်သွင်းတာတွေ ကန့်သတ်နေတဲ့အတွက် သွင်းကုန် ပစ္စည်းတွေ ပြတ်လပ်တာ၊ တရားဝင် သွင်းမရလို့ မှောင်ခို သွင်းကြရင်း မှောင်ခို ဈေးကွက် ကြီးပြီး ဈေးတွေ ပိုကြီးလာတာ၊ စစ်အုပ်စု အတွင်း လုပ်ပိုင်ခွင့် အလိုက် လာဘ်စားတာတွေ ပိုများလာပါတယ်။ စစ်တပ်ရဲ့ ကန့်သတ်မှုတွေကြောင့် ကုန်ပစ္စည်းတွေ ရှားပါး ဈေးတက်နေတာကို မင်းအောင်လှိုင်က တခြားသူတွေကိုပဲ အပြစ်တင်နေပါတယ်။

အာဏာသိမ်း စစ်အုပ်စုက စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်မယ် ကြုံးဝါးခဲ့ပေမယ့် တိုးတက်နေတာက ဈေးနှုန်းတွေပဲ ဖြစ်လာပြီး ကြက်ဥ၊ ကြက်သွန်နီ ဈေးကိုယ်တောင် တည်ငြိမ်အောင် စစ်အုပ်စုက မစွမ်းဆောင်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဈေးတက်ရင် ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေကိုသာ ဖမ်းတတ်တဲ့ စစ်တပ် လုပ်နည်းလုပ်ဟန်က အသေးစား၊ အလတ်စား လုပ်ငန်းတွေကို တဖြည်းဖြည်း ပျောက်ကွယ်စေသလို အခုအခါမှာတော့ ပြဿနာတွေ ပေါင်းစုလာပြီး အကြီးစား လုပ်ငန်းတွေပါ ရပ်နားကုန်တဲ့ အဆင့် ဖြစ်လာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မန္တလေးမြို့မှာလည်း အထွေထွေ အကျပ်အတည်းတွေကြောင့် လုပ်ငန်း မလည်ပတ်နိုင်တော့လို့ ပိတ်လိုက်ရတဲ့ အရောင်းဆိုင်တွေ များပြားလာတယ်လို့ ဆိုင်ရှင် အချို့က ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၆ နှစ်ပြည့်ကာနီး အချိန်မှာပဲ မန္တလေးမြို့ပေါ်က စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အလှကုန်နဲ့ အဝတ်အထည်ဆိုင်တွေဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ စီးပွားရေး အကျပ်အတည်းနဲ့ ဆိုင်ခန်း ငှားရမ်းခ မြင့်တက်မှု ဒဏ်ကို မခံနိုင်တော့တာကြောင့် လုပ်ငန်း ရပ်နားကာ ဆိုင်ဖြုတ် သိမ်းမှုတွေ သိသိသာသာ များပြားလာတယ်လို့ မြို့ခံ လုပ်ငန်းရှင် အချို့က ပြောပါတယ်။

ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် မရှိမဖြစ် အခြေခံ စားသောက်ကုန်တွေကိုသာ ဦးစားပေးနေရပါတယ်။ ဒါကြောင့် အဝတ်အထည်နဲ့ အလှကုန်တွေလို လူသုံးကုန် ပစ္စည်းတွေ ရောင်းအား သိသိသာသာ ကျဆင်းသွားပါတယ်။

“အဓိကက ကုန်ဈေးနှုန်းကြောင့်ပါပဲ။ ပြည်သူတွေလည်း အရမ်းကို ခက်ခဲကြသလို ဈေးရောင်းတဲ့ စီးပွားရေးသမားတွေကလည်း ဈေးတက်ရောင်းတဲ့အခါ ဖောက်သည်တွေ ဝယ်စားဖို့ တော်ရုံ မတက်နိုင်ကြဘူး” လို့ မြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ သယ်ယူ ပို့ဆောင်ရေး အခက်အခဲနဲ့ ဈေးကြီးတာ၊ ငှားရမ်းခ ဝန်ထုပ်ဝန်ပိုးတွေကြောင့် မန္တလေးမြို့ရှိ အသေးစားနဲ့ အလတ်စား လက်လီ အရောင်းဆိုင် အများစုမှာ လုပ်ငန်း လည်ပတ်ဖို့ ခက်ခဲလာပြီး ဆိုင်ခန်း ပြန်အပ်တာ၊ အွန်လိုင်းကနေ တစ်ဆင့်သာ ပြောင်းလဲ ရောင်းချတာတွေ ပြုလုပ်လာကြပါတယ်။

ဒါ့အပြင် ငွေဖောင်းပွပြီး အထွေထွေ ကုန်ဈေးနှုန်း ကြီးတာ၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သား ရှားပါးတာ၊ မီးပြတ်တာ၊ သယ်ယူ ပို့ဆောင်ရေး စရိတ်တွေ ကြီးမြင့်တာ၊ ဝယ်လိုအား လျော့နည်းတာ စတာတွေက လုပ်ငန်း လည်ပတ်ဖို့ ခက်ခဲလာစေပါတယ်။

စစ်တပ်လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ရဲ့ စာရင်း အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် ပထမ ခြောက်လအတွင်း MyCO အွန်လိုင်း မှတ်ပုံတင်စနစ်မှာ နှစ်စဉ် အစီရင်ခံစာ (AR) တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ စုစုပေါင်း တစ်ထောင် ရှိပါတယ်။

ဒါကြောင့် အခု နှစ်ဝက်အတွင်းမှာပဲ လုပ်ငန်း ဆက် မလည်ပတ်နိုင်တော့တဲ့ ကုမ္ပဏီ တစ်ထောင် ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။

၂၀၂၅ ခုနှစ်က ကုမ္ပဏီ ၇,၃၀၀၊ ၂၀၂၄ ခုနှစ်က ၁၉,၀၀၀၊ ၂၀၂၃ ခုနှစ် ၆,၄၀၀၊ ၂၀၂၂ ခုနှစ်တွင် ၅,၁၀၀ နဲ့ ၂၀၂၁ ခုနှစ်မှာ ကုမ္ပဏီ ၂,၂၀၀ က နှစ်စဉ် အစီရင်ခံစာ တင်သွင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ DICA က ထုတ်ပြန်ထားပါတယ်။

လက်ရှိ အချိန်ထိ DICA မှာ မှတ်ပုံတင်ထားတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီပေါင်း ၈၆,၀၀၀ ကျော်ထဲက ကုမ္ပဏီ ထက်ဝက်နီးပါး ရပ်ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် (၂၀၂၅-၂၆) တစ်ခုလုံးမှာ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ သန်း ၅၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ အဲဒီ ပမာဏက စစ်တပ် အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ကနဲ့ ယှဉ်ရင် ၁၀ ပုံတစ်ပုံနီးပါး လျော့ကျသွားတာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် အနည်းငယ်ပဲ ဝင်ရောက်လာတဲ့အပြင် ရှိပြီးသား လုပ်ငန်းတွေကပါ ထွက်ခွာ၊ ရပ်ဆိုင်းမှုရဲ့ ပြဿနာ ဇစ်မြစ်က စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာငွေ ထိန်းချုပ်မှု၊ ကျပ်ငွေ ဖောင်းပွမှု၊ လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်မှုနဲ့ လုပ်သား ရှားပါးလာတာတွေကြောင့်လို့ စီးပွားရေး လုပ်ငန်းရှင်နဲ့ ပညာရှင်တွေက ထုတ်ဖော် ပြောဆိုထားပါတယ်။

အထူးသဖြင့် စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တွေ ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မြန်မာအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေက တရားဝင် လုပ်ငန်းတွေအတွက် ပိုမို ဆိုးရွားလာစေတဲ့ သက်ရောက်မှုတွေကြောင့် နိုင်ငံတွင်းက ပြည်ပ ကုမ္ပဏီတွေ ထွက်ခွာရတာလို့ စီးပွားရေး ပညာရှင် ဦးအောင်က မှတ်ချက်ပြုပါတယ်။

“FATF (နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့် အရေးယူရေး အဖွဲ့) ရဲ့ နောက်ဆက်တွဲ ပြဿနာက အရေးကြီးတယ်။ နိုင်ငံခြား ကုမ္ပဏီတစ်ခုက ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ မလုပ်ခင်သူတို့မှာ သေချာ ပြင်ဆင်ရတာတွေ အများကြီး ရှိတယ်။ လုပ်ငန်းတွေ အခြေကျပြီးမှ ရုပ်သိမ်းတယ်ဆိုတာ ဆုံးရှုံး နစ်နာမှုတွေ များတယ်။ သေချာ ထောက်ရှုပြီးတော့မှ စဉ်းစားပုံ ရတယ်။ သူတို့မှာ ခိုင်လုံတဲ့ ယူဆချက် ရှိတာကြောင့် ဖြစ်တယ်” သူက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းချိန်က အမေရိကန်၊ ဥရောပနဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ပြည်တွင်းက ထွက်ခွာရတဲ့ စံနှုန်းနဲ့ လက်ရှိ ကုမ္ပဏီတွေရဲ့ ရပ်ဆိုင်းမှု ပုံစံချင်း ကွဲပြားတယ်လို့ စီးပွားရေး သတင်းအချက် အကြံပေး ကိုဝဏ္ဏစိုးက သုံးသပ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်နောက်ပိုင်း ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး ပိုမို ဆိုးရွားစွာ လာမှုတွေက မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး ပတ်ဝန်းကျင်အပေါ် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေရဲ့ ယုံကြည်မှု ကျဆင်းနေရတဲ့ ထင်ရှားမှု လက္ခဏာ အဖြစ် သူက ကောက်ချက်ချပါတယ်။

ပြည်ပ ကုမ္ပဏီတွေ ထွက်ခွာမှု၊ ပြည်တွင်း လုပ်ငန်း ပြိုလဲမှုတွေ ဆက်တိုက် ရှိလာနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ အလုပ်အကိုင် ရှားပါးမှုက လာမယ့်နှစ်မှာ သက်ရောက်မှု ပိုဆိုးလာနိုင်တယ်ဆိုတဲ့ စီးပွားရေး ပညာရှင် တချို့ရဲ့ သုံးသပ်မှုတွေ ရှိပါတယ်။

“ကျွန်တော့်ဆိုင် သာ ပိတ်လိုက်ရရင် နောက်ထပ် ငါးယောက်လောက် အလုပ်လက်မဲ့ ဖြစ်သွားမှာ” လို့ ကိုစိုင်းနော်က နာကျင်စွာ ဖွင့်ဟပါတယ်။

(မန္တလေးမြို့က ပိတ်သိမ်းသွားတဲ့ လုပ်ငန်း အချို့ကို နိုဝင်ဘာ တတိယပါတ်က တွေ့ရစဉ်။ ဓာတ်ပုံ — ပေးပို့)

ဆက်စပ်သတင်းများ

Facebook