နိုဝင်ဘာ-၂၃၊၂၀၂၆။People’s Spring
မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ကချမှတ်ခဲ့တဲ့စီရင်ချက် လက်တွေ့ အကောင်အထည် ပေါ်လာစေရေးအတွက် ကုလသမဂ္ဂ (UN)၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့နဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစိုးရ အနေနဲ့ ICJ စီရင်ချက် နောက်ဆက်တွဲ ကိစ္စတွေကို ကိုင်တွယ်ရာမှာ အပြည်ပြည်ဆိုင်ရာနဲ့ ဒေသတွင်းအစုအဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICJက မြန်မာဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ နိုင်ငံတစ်ခုက တာဝန်ရှိတယ်လို့ ဆုံးဖြတ်တဲ့ ပထမဆုံး သမိုင်းဝင် စီရင်ချက်လည်း ဖြစ်လာပါတယ်။

Public Service Announcement
အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားက ICJ စီရင်ချက်နဲ့ ပတ်သက်ပြီး သဘောထား ကြေညာချက် ထုတ်ပြန်ရာမှာ ရိုဟင်ဂျာ လူနည်းစု မျိုးနွယ်ဝင်တွေအပေါ် မြန်မာက လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းICJရဲ့စီရင်ဆုံးဖြတ်မှုကိုမလေးရှားက လေးစား လိုက်နာမယ်လို့ ဖော်ပြထားခဲ့ပါတယ်။
ICJရဲ့ စီရင်ချက်ဟာ အကာအကွယ် မဲ့နေတဲ့ လူ့အဖွဲ့အစည်းတွေကိုကာကွယ်ပေးရမယ်ဆိုတဲ့ မလေးရှားရဲ့ အခြေခံ စံနှုန်းတွေနဲ့လည်း ကိုက်ညီနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဒေသတွေက အာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အပါအဝင် သူတို့ကြုံတွေ့နေတဲ့ အခက်အခဲတွေ လျော့ပါး သက်သာစေဖို့၊ လက်ရှိ အကျပ်အတည်းအတွက် ရေရှည်တည်တံ့ပြီး ဘက်ပေါင်းစုံ လွှမ်းခြုံနိုင်မယ့် အဖြေတစ်ခု ရှာတွေ့နိုင်ဖို့အတွက် မလေးရှားက ဆက်လက် ပံ့ပိုး အားပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၆ နဲ့ ၂၀၁၇ တွေအတွင်း ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးအကြောင်းပြပြီးဖြိုခွင်းမှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
မလေးရှားမှာလည်းရိုဟင်ဂျာ တစ်သိန်းသုံး သောင်းကျော်ကခိုလှုံနေပြီးကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရဲ့ တရားဝင် အသိအမှတ်ပြု ဒုက္ခသည်တွေ အနေနဲ့ ရှိနေကြပါတယ်။
နောက်ထပ် ရိုဟင်ဂျာ ၆၀၀၀ ကျော်လောက်ကတော့ပြည်တွင်းကိုတရားမဝင် ဝင်ရောက်လာမှုနဲ့ မလေးရှားရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရပါတယ်။
ကိုးကား-Yenisafak
























































