နိုဝင်ဘာ-၂၃၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring
ဆင်မုန်ယိုပြီး ရန်ပြုလို့ လူ ၇ဦးသေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ နောက်ထပ်ဆင်တကောင် မုန်ယိုနေတဲ့အတွက် ဘေးကင်းရာမှာနေကြဖို့ ဒေသခံအချင်းချင်းသတိပေးနေကြပါတယ်။
တနိုင်းမြို့နယ် ပန္နက်ရွာမှာ ယမန်နေ့ နိုဝင်ဘာ ၂၂ရက်ကစပြီး ဆင်တစ်ကောင်မုန်ယိုနေတာပါ။
“ဒီတခါလည်း တနိုင်းမှာ ဖြစ်ပြန်ပြီ။ ပန္နက်ရွာလမ်းမှာ ထော်လာဂျီကို မှောက်ပစ်တယ်။ လူတွေ ထွက်ပြေးလာလို့ လွတ်တယ်”လို့ တနိုင်းမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ဆင်ဟာ ဒေသခံတစ်ဦးပိုင်ဆိုင်တဲ့ သစ်ဆွဲဆင်ထီးဖြစ်ပါတယ်။ တနိုင်းမြို့နယ်ဟာ ဟူးကောင်းချိုင့်ဝှမ်းနဲ့ဆက်စပ်ပြီးပုဂ္ဂလိကပိုင်အဖြစ် ဒေသခံတွေ ပိုင်ဆိုင်တဲ့ အိမ်မွေးဆင် ၁၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ဆင်တွေ မုန်ယိုပြီး လူတွေကို ရန်ပြုတာလည်း မကြာခဏဖြစ်ပွားနေပါတယ်။
အောက်တိုဘာ ၂၄ရက်က တနိုင်းမြို့နယ်၊ တရုံကျေးရွာမှာ ဒေသခံတစ်ဦးပိုင်ဆိုင်တဲ့ သစ်ဆွဲဆင်ထီးတစ်ကောင်ဟာ မုန်ယိုပြီး လူတွေကိုရန်ပြုတိုက်ခိုက်လို့ဒေသခံ ၇ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဆင်ကို ဒေသခံတွေနဲ့ ဆင်ထိန်းတွေက လိုက်လံဖမ်းဆီးစဉ် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ပြီး နောက်ဆုံးမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လကလည်း တနိုင်းမြို့နယ်လမုန်ကျေးရွာ၊ ကျောင်းကုန်း (၂)ရပ်ကွက်အတွင်းမုန်ယိုနေတဲ့ ဆင်ထီးတစ်ကောင်က တိုက်ခိုက်လို့ ဒေသခံအမျိုးသားသုံးဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာကလည်း တနိုင်းမြို့ဒူကောင်းရပ်ကွက်မှာ ဆင်တစ်ကောင်မုန်ယိုပြီး တိုက်ခိုက်လို့ အမျိုးသမီး လေးဦးသေဆုံးခဲ့ပါတယ်။
ယခုမုန်ယိုတဲ့ ဆင်ကိုလည်း မေ့ဆေးသေနတ်နဲ့ပစ်ပြီး ဖမ်းဆီးနိုင်ရေးကြိုးပမ်းနေတယ်လို့ သတင်းရရှိပါတယ်။
ဆင်တွေဟာ ဟော်မုန်းပြောင်းလဲကြောင့် ပုံမှန်ထက် စိတ်လှုပ်ရှားလွယ်ပြီး ရန်လိုတာ၊ အခြားဆင်တွေနဲ့ လူတွေကို တိုက်ခိုက်တာမျိုးတွေ ရှိပြီး ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ မေ့ဆေးသေနတ် အသုံးပြုပစ်ခတ်ထိန်းသိမ်းနိုင်ဖို့နဲ့ အကယ်၍ မထိန်းသိမ်းနိုင်သေးဘူးဆိုရင် လူတွေအနေနဲ့ဘေးကင်းရာမှာနေကြဖို့ ဆင်ထိန်းအတွေ့အကြုံရှိသူတချို့ကပြောပါတယ်။
























































