နိုဝင်ဘာ ၂၃၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်နဲ့ ယိုးတရုတ်ကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်ကြား ကားလမ်းမပေါ်ရှိ အောင်ဖြူပြင်ရွာနဲ့ ယိုးတရုတ်ကျေးရွာကို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“အထိအခိုက်တွေ မသိရသေးဘူးဗျ။ လေယာဉ်က မြောက်ဦးဘက်ကနေ ပတ်လာပြီးတော့မှ ချသွားတာ။ ကြဲမယ် လို့ မထင်ဘူး။ ဒီအတိုင်းဖြတ်ပျံတယ်ပဲ ထင်တာ။ အထိအခိုက်နည်းပါစေပဲ ဆိုတောင်းပါတယ်” လို့ ပုဏ္ဏားကျွန်း မြို့ နယ်မှ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်က ကြဲချခဲ့တဲ့ ဗုံးတွေဟာ အောင်ဖြူပြင်ရွာထဲနဲ့ ယိုးတရုတ်ရွာစပ် ဘုန်းတော်ကြီးကျောင်းအနီးမှာ ကျ ရောက်ပေါက်ကွဲခဲ့ပြီး ယိုးတရုတ်ရွာမှ ရွာသားတဦး သေဆုံးခဲ့တယ်လို့ ကြားသိရကြောင်း သူက ဆိုပါတယ်။
“အခုကြဲသွားတဲ့ဂျက်က ရသေ့တောင်ဘက်ကိုလည်း ကြဲသွားတယ် ကြားပါတယ်။ သေချာတော့မသိသေးဘူး” လို့ ပုဏ္ဏားကျွန်းဒေသခံက ပြောပါတယ်။
စစ်တပ်ဟာ ဒီနေ့ ညနေပိုင်းမှာ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ပေါက်တောမြို့နယ်တို့အတွင်းမှာလည်း ကင်း ထောက်လေယာဉ်နဲ့ ဂျက်ဖိုက်တာအချို့ ပျံဝံနေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီရက်ပိုင်း ဂျက်တွေ သောင်းကျန်းနေတယ်။ သတိထားနေရတယ်” လို့ ပေါက်တောမြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၁ ရက်ကလည်း ပေါက်တောမြို့နယ် နန်းတက်ကျွန်းနဲ့ သဝင်ချောင်းရွာတို့ကို ဗုံးကြဲခဲ့တာကြောင့် ငါးလသား အရွယ်ကလေးငယ်တဦးအပါအဝင် ၄ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ ပါတယ်။
စစ်တပ်ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး အထိနာနေကာ အခုရက်ပိုင်းမှာ သံတွဲ၊ ကျောက်တော်၊ မြောက်ဦးမြို့ပေါ်နေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေကျေးရွာတွေကို ဆက်တိုက်ဗုံးကြဲနေ တာဖြစ်ပါတယ်။
စစ်တပ်ဟာ အခုရက်ပိုင်းမှာ ရခိုင်ပြည်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိ လာပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ကာ ပါဝင်သူတယောက်ချင်း ကို လက်တုံ့ပြန်သွားမယ် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၂၂ ရက်အထိ ၂လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၅၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၈၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ကတော့ မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။
























































