နိုဝင်ဘာ-၂၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်ဝင်ပေါက်မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်စစ်မျက်နှာမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်နေပြီး ဂုတ်ကြီးကျေးရွာဝန်းကျင်တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ကြောင်းလိုက် သေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့ကာ ပြန်ဆုတ်သွားပြီးလေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခုခံခဲ့ရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
နိုဝင်ဘာ၂၂ ရက်နေ့မှာနတ်ရေကန်ပင်မဗျူဟာကုန်းဆီ ငဖဲမြို့နယ် ပဒါန်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကူပို့ဖို့တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို AA ကဂုတ်ကြီးရွာဝန်းကျင်ကနေ ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ် ဘက်က ဆယ်ချီသေဆုံးပြီးအထိနာခဲ့ကာပြန်ဆုတ်သွားတာဖြစ်ပါတယ်။
“ဂုတ်ကြီးနားမှာတိုက်ပွဲဆိုင်နေကြတာကြာပြီ။ကြိုကြားကြိုကြားဖြစ်နေတာ၊ မနေ့ကကျတော့တိုက်ပွဲအပြင်းဆုံးနေ့ ပြောလို့ရတယ်။ သူတို့ဆုတ်ပြေးသွားကြပါတယ်။ စနိုက်ပါနဲ့ ကောက်စားထားတာရော၊တိုက်ပွဲမှာရောဆိုရင် ကိုယ့်ဘက်က ရလိုက်တာ များတယ်” လို့ AA နဲ့နီးစပ်နဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာအင်အား၁၀၀ကျော်နဲ့ ဂုတ်ကြီးရွာဝန်းကျင်မှာ အထိုင်ချပြီး နတ်ရေကန်ဗျူဟာကုန်းဘက်ဆီ တန် ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ကာ AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာ နောက်ပြန်လှည့်ခဲ့တာဖြစ် ပါတယ်။
အဲဒီလိုတိုက်ပွဲအတွင်း စစ်တပ်အထိနာပြီးတဲ့နောက်နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာ ဂျက်ဖိုက်တာ ၄ စီး၊ Y12 တစီးနဲ့ တနာရီဝန်းကျင်မှာ ဗုံးကြဲ၊ ပစ်ကူပေးနေခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂုတ်ကြီးရွာဝန်းကျင်တိုက်ပွဲအတွင်း အထိနာနောက်ပြန်ဆုတ်သွားခဲ့ရတဲ့စစ်တပ်ဟာ ပဒါန်း – နတ်ရေကန်လမ်းဟောင်းရှိပဇီကျေးရွာဘက်ကနေ ထပ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် လက်ရှိမှာပဇီကျေးရွာဘက်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ နတ်ရေကန်ပင်မဗျူဟာကုန်းဝန်းကျင်မှာရှိတဲ့ ကာကင်းစခန်းတွေ နဲ့ ဂုတ်ကြီး၊ ပဇီ၊ လိုင်ရွာဝန်းကျင်တို့ရှိ ကာကင်းစခန်း တွေကို လက်လွှတ်ထားရပြီး နတ်ရေကန်ဗျူဟာကုန်းနဲ့ ကုန်းကြောင်းဆက်သွယ်ရေးပြတ်တောက်နေတာကြောင့် အင်အားအများအပြားနဲ့ စစ်ကူပို့၊ လမ်းကြောင်းထိုးဖောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဒါပေမယ့် ဂုတ်ကြီး၊ပဇီကျေးရွာတွေဝန်းကျင်မှာပဲ တန့်နေပြီး ရှေ့မရောက်နိုင်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေက ပြောပါတယ်။
“စစ်ကူတွေဘယ်လိုမှမရောက်တော့ပါဘူး။ အပေါ်ကနေY12 နဲ့ပဲရိက္ခာတွေချပေးနေ ရတာ။ ကိုယ်တွေတောင် ရိက္ခာထုတ်တွေမကြာမကြာရတယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိကကာ ကင်းစခန်းကြီး တာဝါတိုင်ကုန်းအပါအဝင်အမ်း-နတ်ရေကန်ဗျူဟာကြားရှိ စစ်တပ်စခန်းတွေအားလုံးနဲ့ နတ်ရေကန် – ပဒါန်းကြားရှိ စခန်းအချို့တို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခု နှစ်လယ်လောက်ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း AA ဟာ ရှေ့ထိုးပြီးတပ်စခန်းတွေသိမ်းပိုက်တာမရှိဘဲစစ်တပ်ရဲ့တက်လာတဲ့ စစ်ကြောင်းတွေကိုပဲခံစစ်အသွင်နဲ့ ခုခံတိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“ကြည့်ရတာ စောင့်ပြီးတော့ပဲ အမှည့်ခြွေနေပုံရတယ်။နတ်ရေကန်ကိုလည်းတက်မသိမ်းဘူး။ ရှေ့လည်းမတိုးဘူး။ တက်သိမ်းရင်တောင် သိမ်းလို့ရပြီထင်တယ်”လို့ ရခိုင်စစ်ရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။
ရခိုင်ရိုးမအနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုကို လက်လွှတ်ဆုံးရှုံးထားတဲ့ စစ်တပ်ဟာ နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိကထောက်ပို့နေရာ ပဒါန်းကို အင်အားထောင်ကျော်ဖြည့်ထားပြီး လက်လွှတ်ထားရတဲ့ နေရာတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေပေမယ့် ရှေ့မတိုးနိုင်ဖြစ်နေတာဖြစ်ပါတယ်။
အဲဒီစစ်ကူတွေကိုပဒါန်းတပ်နယ်မှာ စုဖွဲ့ထားပြီး ပဒါန်းမြို့အနီးရှိ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(မစခ ၉၀၅)ကနေလည်း လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပေးနေပါတယ်။
စစ်တပ်ဟာ နတ်ရေကန်တိုက်ပွဲအတွင်း မြေပြင်တိုက်ပွဲမှာအထိနာနေသလို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ က ပါရာမိုတာ တစီးလည်းဖျက်ဆီးခံခဲ့ရပါတယ်။နတ်ရေကန်စစ်မျက်နှာအပြင် ရခိုင်ပြည်နယ်ဝင်ပေါက် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးစစ်မျက်နှာ၊ ဧရာ၀တီတိုင်း ရွှေသောင်ယံ၊ သာပေါင်း၊ ရေကြည်စစ်မျက်နှာ၊ ချင်းပြည်နယ် ကျင်ဒွေးစစ်မျက်နှာတို့မှာလည်းနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဒါ့အပြင်ရခိုင်ပြည်တွင်းရှိစစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာလည်းတိုက်ပွဲတွေရက်ဆက်ရှိနေပြီးတိုက်ပွဲနှစ်လကျော်အတွင်းစစ်တပ်ဘက်ကတပ်စခန်းတဆယ်ကျော်လက်လွှတ်ထားရကာ Frigate (ဖျက်သင်္ဘော)တစီးအပါ အဝင် စစ်သင်္ဘော ၅ စီးထက်မနည်း တိုက်ခိုက်၊ ဖျက်ဆီးခံခဲ့ရပါတယ်။
အာရက္ခတပ်တော်(AA)ကတော့မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကိုအာရက္ခပြည်သူတွေလက်ထဲသို့မကြာခင်ပေးအပ်သွားမယ်လို့အသိပေးထားပါတယ်။
























































