နိုဝင်ဘာ ၂၃၊ ၂၀၂၆။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်က နော်ယိုထာ့ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူသေဆုံးထိခိုက်မှုများဖြစ်ခဲ့ရကြောင်း KNU သတင်းရင်းမြစ်က အတည်ပြုပါတယ်။
နိုဝင်ဘာ ၂၂ရက် မနက် နံနက်ပိုင်းမှာ စစ်တပ်က နော်ယိုထာ့ရွာဘုရားကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ဦးသေဆုံးကာ ၆ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးနဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
လေကြောင်း တိုက်ခိုက်မှုနဲ့ စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ KNU တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှု အသိပေးချက်တွေအရ စစ်တပ်ဟာ နိုဝင်ဘာလအတွင်း ဖာပွန်ခရိုင်ထဲက ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် အရပ်သား ပြည်သူလူထုနေထိုင်ရာတွေကို ပစ်မှတ်ထားလေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာတွေ့ရပါတယ်။
နိုဝင်ဘာ ၁၆ရက်က ဖာပွန်ခရိုင် ဘူးအားဒဲရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁ဦး သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ အဲဒီတုန်းကလည်း ခရစ်ယာန်ဘုရားကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၁၆နှစ်အရွယ် မိန်းကလေးငယ် သေဆုံးကာ မိန်းကလေးငယ် ၂ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် လောဖလာသေ့ရွာကိုလည်း စစ်တပ်က နိုဝင်ဘာ ၁၆ရက်မှာပဲ လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးဒဏ်ရာရ သူအားလုံးဟာ ကလေးငယ် ကျောင်းသာလူငယ်တွေဖြစ်ကြောင်း KNLA က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား ပြည်သူကျေးရွာနေအိမ်တွေ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ စစ်ဘေးရှောင်နေရာတွေကို လူမဆန်စွာ ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ နေ့စသ်တိုးမြှင့် လုပ်ဆောင်နေလို့ လူထုတွေရဲ့ ဘ၀လုံခြုံမှု စိုးရိမ်ဖွယ်ရာ အဆင့်ရောက်နေကြောင်း KNLAက ထုတ်ပြန်ပါတယ်။
























































