နိုဝင်ဘာ ၂၀၊ ၂၀၂၆။ ခိုင်မြတ် / People’s Spring
ပြည်သူထူထုအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန် ခြိမ်းခြောက်တာတွေ မလုပ်ဖို့၊ ဘာသာ၊ အယူဝါဒ၊ ယဉ်ကျေးမှု ဓလေ့တိုင်းကို လေးစား တန်ဖိုးထားဖို့ ပါတီဝင် တိုင်းကို တင်းကြပ်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်ထားတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ နိုင်ငံရေး အဖွဲ့အစည်း ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA) တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။
မတူကွဲပြားတဲ့ လူမျိုးတွေ အများအပြား နေထိုင်ရာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းလူမျိုး အပါအဝင် ချင်း မျိုးနွယ်စုဝင်တွေ နေထိုင်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ AA ရဲ့ ပဲ့ကိုင် အဖွဲ့အစည်း ULA တာဝန်ရှိသူ ဒေါ်လှမြခိုင်နဲ့ APV သတင်းဌာနတို့ အင်တာဗျူး အစီအစဉ်မှာ အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ပြည်သူထူထုတွေအပေါ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ခြိမ်းခြောက် ပြောဆိုတာတွေ၊ မထီမဲ့မြင်ပြုတာတွေကို ပါတီဝင်တွေ အနေနဲ့ အထူး ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုတို့ ကိုးကွယ်ရာ ဘာသာ၊ အယူဝါဒ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုလည်း လေးစား တန်ဖိုးထားရမှာ ဖြစ်ပါတယ်” လို့ ဒေါ်လှမြခိုင်က ပြောပါတယ်။

Public Service Announcement
အာရက္ခပြည် တည်ဆောက်ရေးကို ဦးဆောင်နေတဲ့ ပါတီတစ်ရပ် အနေနဲ့ လူမှု သဟဇာတ တည်ဆောက်ရေး၊ ပါတီဝင် တစ်ယောက်ချင်း လိုက်နာ၊ စောင့်ထိန်းရမယ့် အခြေခံမူတွေ၊ တာဝန်ယူရမယ့် အပိုင်းတွေနဲ့ ပြည်သူ့ ယုံကြည်မှု ရေရှည် ရရှိဖို့ ဘာတွေ လုပ်နေလဲဆိုတာနဲ့ ပက်သက်လို့ မေးမြန်းရာမှာ ဒေါ်လှမြခိုင်က အဲဒီလို ရှင်းလင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပါတီဝင်တွေ အနေနဲ့ ပြည်သူလူထုတွေကို ခွဲခြား ဆက်ဆံမှု လုံးဝ မရှိဘဲနဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အကျိုးစီးပွားတွေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိသလို ပြည်သူတွေကို လေးစားမှု ရှိဖို့၊ ယဉ်ကျေးစွာ ဆက်ဆံဖို့ စတဲ့ ပြည်သူတွေအပေါ် လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ကျင့်ကြံရမယ့် နေထိုင်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေကြားထဲက ပြဿနာတွေ၊ အခက်အခဲတွေ အားလုံးကိုလည်း အမြဲမပြတ် နားထောင်ပြီးတော့ ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်းရမှာ ဖြစ်ပြီး ပြည်သူလူထုကို အဂတိတရား ကင်းရှင်းစွာ ဆက်ဆံရမယ်လို့ ဒေါ်လှမြခိုင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို AA က သိမ်းပိုက် အုပ်ချုပ်ပြီးနောက်ပိုင်း အရင်က ဒေသတွင်း ခွဲခြား ဆက်ဆံမှု အများဆုံး ခံခဲ့ကြရတဲ့ ရိုဟင်ဂျာတွေဟာလည်း တန်းတူ ဆက်ဆံခံလာကြရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
“အရင်ကဆိုရင် ကျွန်တော်တို့ မူဆလင်တွေကို ကုလားတွေလို့ ခေါ်ကြတယ်။ လမ်းမှာ တွေ့ရင်လည်း အချင်းချင်း ကြောက်ကြတာပေါ့။ အခုကျတော့ ရခိုင်သားတွေနဲ့ အရင်လောက် မဟုတ်ရင်တောင် ယုံကြည်မှုတွေ ပြန်ရနေပြီ။ ကုလားလို့လည်း မခေါ်ကြတော့ဘူး။ အစိုးရက ကိုယ်တိုင် မူဆလင်လို့ပဲ ခေါ်တယ်။ ကုလားလို့ မခေါ်ခိုင်းဘူး” လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ရိုဟင်ဂျာ လူငယ်တစ်ဦးက ပြောပါတယ်။
ပါတီ အနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရေရှည် ရရှိအောင် ကြိုးပမ်းနေပြီး ပြည်သူတွေ အနေနဲ့လည်း ULA ပါတီဝင်တွေ၊ အစိုးရ တာဝန်ရှိသူတွေအပေါ် ယုံကြည်မှုနဲ့ ပူးပေါင်းကြဖို့ လိုအပ်တယ်လို့ သူမက ဆိုပါတယ်။
အာရက္ခပြည်ဟာ မတူညီတဲ့ လူမျိုးစုတွေ၊ မတူကွဲပြားတဲ့ ဘာသာရေး ယုံကြည်သူတွေနဲ့ အတူ နေထိုင်ကြတဲ့ ဒေသ ဖြစ်တာကြောင့် လူမှု သဟဇာတ တည်ဆောက်ခြင်းဟာ ဒေသတွင်း ရေရှည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အလွန် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတာကြောင့် ULA အနေနဲ့ လူမှု သဟဇာတ ဖြစ်ရေးကို အဓိကထား လုပ်ဆောင်နေတယ်လို့လည်း ဒေါ်လှမြခိုင်က ဆိုပါတယ်။
အာရက္ခပြည်ကို ပုံဖော်တဲ့အခါမှာ လူမှု သဟဇာတ ရှိရေးဟာ အသက်သွေးကြော ဖြစ်ပြီး သမိုင်းကြောင်းအရရော၊ လက်ရှိမှာပါ လူမျိုးရေး၊ ဘာသာရေး ဒဏ်ရာဒဏ်ချက်တွေနဲ့ ပဋိပက္ခ စက်ဝိုင်းထဲကနေ လွတ်မြောက်ဖို့ အဓိက သော့ချက် ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
သူတစ်ပါး အုပ်ချုပ်မှုအောက် နှစ်ကာလ ရှည်စွာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အချင်းချင်း သံသယများပြီး အက်ကြောင်း ထင်နေတဲ့အတွက် မတူကွဲပြားမှုတွေအပေါ် အခြေခံပြီး လူမျိုးရေး၊ ဘာသာရေး ခွဲခြား ဆက်ဆံမှုတွေကို ဖယ်ရှားကာ အပြန်အလှန် လေးစားမှုနဲ့ ယုံကြည်မှုကို တည်ဆောက်လို့ ရှိနေတယ်လို့ ဒေါ်လှမြခိုင်က ပြောပါတယ်။
“အတိတ် အမွေဆိုးကို သင်ခန်းစာ ယူပြီးလို့ရှိရင် မျှတခြင်း၊ ချစ်ခင်ခြင်း၊ အချင်းချင်း ရိုးသားစွာ ဆက်ဆံခြင်းတွေနဲ့ ယုံကြည်မှုတွေကို ခိုင်မာ မြဲမြဲအောင် အကောင်းဆုံး ကြိုးစား တည်ဆောက်လို့ ရှိနေပါတယ်” လို့ ပြောပါတယ်။
“အထူးသဖြင့် အာရက္ခပြည်သူတိုင်းက ကိုယ်တို့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ဒီ လူ့အဖွဲ့အစည်း၊ ဒီဒေသကို ချစ်မြတ်နိုးပြီးတော့ ဘုံ ရည်မှန်းချက်အတွက် အတူ လက်တွဲခြင်းနဲ့ အပြန်အလှန် နားလည်မှု၊ ခွင့်လွှတ်မှု၊ တရားမျှတမှုတို့နဲ့ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်လာမှပဲ အာရက္ခပြည်သူ အားလုံးအတွက် လုံခြုံ အေးချမ်းပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်” လို့ ဒေါ်လှမြခိုင်က ဆက်ပြောပါတယ်။
လက်ရှိမှာ ULA ပါတီ အနေနဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် အလိုက် လူမျိုးစုတွေကြား ချစ်ကြည်၊ ရင်းနှီးမှု ရှိစေရေး အားကစား ပွဲတော်တွေ၊ အမျိုးသား အထိမ်းအမှတ်နေ့ အခမ်းအနားတွေ ကျင်းပပေးသလို ရိုးရာ၊ ယဉ်ကျေးမှုတွေ ဖလှယ်တာတွေလည်း အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အာရက္ခပြည်အတွင်း ရပ်ကွက်၊ ကျေးရွာ အဆင့်ဆင့်မှာ လူမျိုးစု အချင်းချင်းတွေကြား အပြန်အလှန် ကူးလူး ဆက်ဆံ၊ ရင်းနှီးမှုတွေ ရှိနေပေမယ့် ခေတ်အဆက်ဆက် ဖန်တီးခဲ့တဲ့ ပြဿနာတွေကြောင့် စိန်ခေါ်မှု အချို့လည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှုတွေကတော့ လူမှု သဟဇာတ တည်ဆောက်ရေးမှာ အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ် ဖြစ်တယ်လို့ ဒေါ်လှမြခိုင်က ပြောပါတယ်။ ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA) ကို ဗဟို၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ရပ်ကွက်၊ ကျေးရွာ အလိုက် ဖွဲ့စည်းထားပြီး ပါတီ လက်အောက်မှာ လူမျိုး အားလုံးအတွက် လူမျိုးစု ရေးရာ ကော်မတီတွေ ရှိသလို၊ လူငယ်၊ အမျိုးသမီး၊ စည်းရုံးရေး စတဲ့ ကဏ္ဍအလိုက်လည်း ကော်မတီခွဲတွေ ဖွဲ့စည်း တာဝန်ပေးထားပါတယ်။
၂၀၀၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ AA ဟာ သူ့ရဲ့ နိုင်ငံရေး အဖွဲ့အစည်း ULA ကို ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို သိမ်းပိုက်ကာ အုပ်ချုပ်ရေး ယန္တရားတွေ တည်ဆောက်လာချိန်မှာတော့ ULA ပါတီမှာ အရပ်ဖက် ပညာရှင်တွေ၊ လူပုဂ္ဂိုလ်တွေကိုပါ ထည့်သွင်းလာခဲ့ပါတယ်။
ULA ပါတီဟာ တိုက်ခိုက်ရေး တာဝန်ယူရတဲ့ စစ်ဘက် အဖွဲ့အစည်း AA နဲ့ အုပ်ချုပ်ရေး တာဝန်ယူရတဲ့ အာရက္ခပြည် သူ့တော်လှန်ရေး အစိုးရတို့ရဲ့ အထက်မှာ ရှိပြီး မူဝါဒ ချမှတ် ရေးဆောင်ရွက်ရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီပါတီရဲ့ ဥက္ကဋ္ဌကတော့ AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဖြစ်ပါတယ်။
























































