တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ၁၄ နှစ် ၊၁၇ နှစ်အရွယ်ရှိကလေး သုံးဦးအပါအဝင် ပြည်သူလေးဦးကို ယနေ့ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားယနေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ဒေသခံများကို လိုက်လံပစ်သတ်ရာတွင် ပြည်သလေးဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ပစ်သတ်ခံရသည့် ကလေးငယ် သုံးဦးမှာ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် ပန်းရံလုပ်ကိုင်နေစဉ် အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ မောင်ခန့်ဇင်ထွေး (၁၄ နှစ်)၊ မောင်အောင်သက်ဖြိုး (၁၇ နှစ်)၊ မောင်ရဲဇော်ထိုက် (၁၇ နှစ်)တို့ဖြစ်ပြီး အခြားတစ်ဦးမှာ ပြည်သူတစ်ဦးမှာ အတည်ပြုချက်မရရှိသေးဟု ဒေသခံများထံမှ သိရသည်။
“ကလေးတွေက သူတို့ကို မြင်လို့ ထွက်ပြေးတာကို ခေါင်းကို ချိန်ပြီး ပစ်သတ်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
တိုက်ပွဲဖြစ်ပွားနေသည့် စော်ဖျားရွာကို စစ်ကူပေးရန်လာခဲ့သည့် စစ်ကား ၂ စီးကို ဒေသခံကာကွယ်ရေးတပ်များက ကင်းရှေ့ရွာထိပ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက ရွာသားကို လိုက်လံပစ်ခတ်ခဲ့ပြီး အဆိုပါကလေး ၃ ဦးအပါအဝင် အနည်းဆုံးပြည်သူလေးဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများကပြောသည်။
ထိုအပြင် ကင်းရှေ့၊ စော်ဖျား၊ ကျောက်လှေကားစသည့် ကျေးရွာမှ ပြည်သူများကိုလည်း ဖမ်းဆီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။ ထွက်ပြေး
သည့် ရွာသားများကိုလည်း သေနတ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် ဒဏ်ရာရရှိထားသူ အများအပြားလည်းရှိနေသည်ဟု ဒေသခံများကပြောသည်။ အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ ဆိုင်ကယ်များနှင့်အခြားအဖိုးတန်ပစ္စည်းများကို လိုက်လံခိုးယူနေသည်ဟုလည်း ဒေသခံများကပြောသည်။


















































