Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ပေါ်တာအဆွဲကြမ်း​​နေလို့လူငယ်တွေအလုပ်သွား၊အပြန်ကို​တောင်စိုးရိမ်​နေ

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။

(ရန်ကုန်မြို့လယ် ဆူ​လေဘုရားအနီးဝန်းကျင်ကို အခုရက်ပိုင်းအတွင်း​တွေ့ရစဥ်။ဓါတ်ပုံ-TR)

စက်တင်ဘာ-၆၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ်။

ရန်ကုန်မြို့မှာ သြဂုတ်လနဲ့ စက်တင်ဘာလဆန်းမှာ မြို့ထဲမှာတင် နေ့ခင်းကြောင်တောင်ပေါ်တာဆွဲလာတာတွေကြောင့် လူငယ်​​တွေဟာ စိတ်မလုံခြုံမှုကိုခံစား​နေကြရတာပါ။

“ကျွန်တော်ရုံးကမြို့ထဲမှာ။ဆူးလေမှာပေါ့။ အလုပ်ချိန်ကလည်း မနက် ကိုးနာရီကနေ ခြောက်နာရီအထိ။အခုပေါ်တာတွေဆွဲနေလို့ ၅ နာရီလောက်ဆိုပေးဆင်းတယ်။အလုပ်သွားလည်းခပ်လန့်လန့်။ အလုပ်ဆင်းတော့လည်းခပ်လန့်လန့်။ ပြောရရင်နောက်ကြောင်းမအေးတော့ဘူး။ ကျွန်တော်တို့ဘဝတွေက ဒီလိုနဲ့ပဲ သွားရတော့မယ်ထင်တယ်။ တွေးလေဝမ်းနည်းလေပဲ။တိုင်းပြည်ကသုံးစားလို့မရအောင်စုတ်ပြတ်သတ်သွားပြီ။လူငယ်တွေရဲ့အနာဂါတ်တွေကိုရိုက်ချိုးလိုက်ပြီ” လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အထက်ပါလူငယ်​ပြောသလိုပဲ ရန်ကုန်မြို့မှာ ​ပေါ်တာဆွဲတာ​တွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် ကုမ္ပဏီနဲ့ လုပ်ငန်းအချို့ကလည်း ရုံးစောဆင်းပေးတာမျိုး​တွေရှိလာတယ်လို့ကုမ္ပဏီဝန်ထမ်းအချို့က​ပြောပါတယ်။

ရန်ကုန်ရဲ့မြို့လယ်အချို့​နေရာ​တွေမှာ​ပျူစောထီးအဖွဲ့တွေ နဲ့ စစ်သားတွေကအရပ်ဝတ်တွေနဲ့ လိုက်လံဖမ်းဆီးနေတာမျိုး​တွေရှိလာပါတယ်။ ဆူးလေမှတ်တိုင်နဲ့ လူကူးခုံးကျော်တံတားမှာပင် အရပ်ဝတ်တွေနဲ့စောင့်ဆိုင်းနေတတ်ပြီး လူငယ်တွေကိုစောင့်ကြည့်ဖမ်းဆီးနေတာတွေရှိတယ်လို့ အနီးရှိစျေးသည်တွေကပြောပါတယ်။

စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲလောက်က ပုဇွန်တောင်မြို့နယ်၊ ၅၇ လမ်းမှာ လူငယ် ၂ ဦးကို အရပ်ဝတ်လူ ၄ ဦးက လက်ထိပ်ခတ်ဖမ်းဆီးပြီး ကားပေါ် ဆွဲတင်သွားတယ်လို့ Scout Yangon ကဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ Hotel 57 အနီး၊ ဗိုလ်တထောင်ဈေးလမ်းထဲ ဝင်တဲ့အကွေ့နားမှာ ဖြစ်ခဲ့တာဖြစ်ပြီး အိမ်ကားအဖြူရောင်နဲ့ အရပ်ဝတ်နဲ့လူ ၄ ဦး ရောက်လာပြီး လူငယ် ၂ ဦးကို ရုတ်တရက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးထဲက ၁ဦးဟာ အသက် ၂၀ ဝန်းကျင်၊ မျက်မှန်တပ်ထားပြီး အသားဖြူကာ ဘောင်းဘီတိုဝတ်ထားသူ ဖြစ်ပါတယ်။ ကျန်တစ်ဦးကတော့ အသက် ၂၅ နှစ်ဝန်းကျင်၊ အသားညိုပြီး ဘောင်းဘီရှည်ဝတ်ထားကာ ဘေးလွယ်အိတ်နဲ့ အပြာရောင်ထီး ကိုင်ထားသူဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးချိန်မှာ မျက်မှန်တပ်ထားတဲ့ လူငယ်က အော်ဟစ်အကူအညီတောင်းခဲ့တာကြောင့် အရပ်ဝတ်တွေက ရိုက်နှက်ပြီး ကားပေါ် ဆွဲတင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်အတွင်း အပြာရောင်ထီးတစ်ချောင်းလည်း လမ်းပေါ်မှာ ပြုတ်ကျကျန်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဝတ်လူ ၄ ဦးထဲမှာ အသက် ၃၀ ကျော်ဝန်းကျင် ခပ်ဝဝအမျိုးသား ၂ ဦးနဲ့ လူငယ်ပိုင်းအရွယ် အမျိုးသား ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။လူငယ် ၂ ဦးကို ဖမ်းဆီးပြီးနောက် အဆိုပါအရပ်ကားဟာ မဟာဗန္ဓုလလမ်းဘက်ကို မောင်းထွက်သွားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ ၂ ဦးရဲ့ နောက်ဆက်တွဲအခြေအနေကိုမသိရ​သေးပါဘူး။

အဆိုပါအနီးဝန်းကျင်က​​ဒေသခံ​တွေကိုမေးမြန်းရာ ဖြစ်စဥ်မှာမှန်ကန်ပြီးသူတို့အနေဖြင် အသက်အန္တရာယ်ပြုခံရမှာစိုးတာကြောင့် မကူညီနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

“လူညီရင်တော့တစ်မျိုးလေ။ ကိုယ်ကကူညီချင်တယ်။ တစ်ယောက်တည်းကပဲသွားကူလိုက်ရင်ကိုယ့်ပါရန်လုပ်မှာ။ ဘာမှမတတ်နိုင်ဘူး။ ရပ်ကြည့်နေရုံကလွဲပြီးမတတ်နိုင်ဘူး” လို့ ဖြစ်စဥ်ကိုမြင်​တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။

ဒါ့အပြင်အပြင် စက်တင်ဘာ ၂ ရက်က သာကေတမြို့နယ်မှာ စက်ဘီးစီးလာတဲ့ ကိုးတန်းကျောင်းသား ၁ဦးကို အရပ်ဝတ်နဲ့ လူ ၄ဦးက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး ကျောင်းသားက ရုန်းထွက်ပြီးထွက်​ပြေးလို့လွတ်​မြောက်ခဲ့ပါတယ်လို့ မိသားစုကိုယ်တိုင်ကလူမှုကွန်ယက်က​နေ​ပြောထားပါတယ်။

ရန်ကုန်မြို့က မြို့နယ်တစ်ချို့မှာစက်တင်ဘာ ၂ ရက် နဲ့ ၃ ရက်မှာပဲ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူအနည်းဆုံး ၁၃ ဦးရှိတယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Scout ချန်နယ်တွေရဲ့အချက်အလက်တွေအရ သိရပါတယ်။

စက်တင်ဘာ ၂ ရက်မှာ မင်္ဂလာဝောာင်ညွန့် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ လှိုင်သာယာနဲ့ စမ်းချောင်းမြို့နယ်တွေမှာ​ပေါ်တာဆွဲခံရသူ ၈ ဦးရှိခဲ့တယ်လို့ ​ဖော်ပြပါတယ်။ဖမ်းဆီးတဲ့ပုံစံ​တွေက လမ်းသွားလမ်းလာ​တွေကို မသင်ကာလို့ စစ်​ဆေးသလို လုပ်ပြီးဖမ်းတာရှိသလို ၊တခါတ​လေ လူအုပ်စုနဲ့အဓမ္မဝိုင်းတာ ၊ကားနဲ့ချဥ်းကပ်လာပြီး ဖမ်းပြီးကား​ပေါ် တင်တာစတဲ့ပုံစံအစုံနဲ့ ဖမ်းဆီး​​ပေါ်တာဆွဲ​နေတာ​တွေ့ရပါတယ် ။

ဒါ့အပြင် စက်တင်ဘာ၃ ရက်က တောင်ဥက္ကလာမြို့နယ်မှာ အလုပ်ကနေပြန်လာတဲ့လူငယ်တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားပြီး စစ်သင်တန်းကျောင်းကိုတန်း ပို့ခဲ့တယ်လို့ အဖမ်းခံရတဲ့လူငယ်ရဲ့မိခင်ဖြစ်သူကပြောပါတယ်။

“သားလေးကိုအခုတလော အိမ်စောစောပြန်လာဖို့မှာတယ်။ ဘာလို့ဆိုအခြေအနေတွေကမကောင်းဘူး။ လမ်းတွေမှာလည်းဟိုကောင်တွေကပတ်နေတာ။ ကလေးက ညအိုတီဆင်းရတော့ ၈ နာရီမြို့ထဲကနေ ၁၂ ကားစီးလာတယ်။ မာလာကွေ့ရောက်တော့ကလေးနဲ့ကအဆက်အသွယ်မရတော့ဘူး။ လိုက်တာပေါ့။ ရဲစခန်းသွားမေးတယ်။ ဘောလီဘောပုတ်တယ်။ နောက်တော့အုပ်ကြီးက စစ်သင်တန်းကျောင်းမှာလိုက်စုံစမ်းပေးမယ်။ ပိုက်ဆံတော့ကုန်မယ်ဆိုပြီးပြောတယ်။ ဒါဟာမဖြစ်သင့်ဘူး။ ကလေးလည်းခုချိန်ထိမတွေ့ရသေးဘူး” လို့ မိခင်ဖြစ်သူကပြောပါတယ်။

ရန်ကုန်ရဲ့ မြို့တွင်းခြောက်မြို့နယ်အပါအဝင် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သာကေတတို့မှာ ပေါ်တာဆွဲအဆိုးဆုံးနေရာတွေဖြစ်တာကြောင့်သတိထားသွားလာဖို့ ​​ဒေသခံ​ပြည်သူတွေကအချင်းချင်း တိုက်တွန်းထားကြပါတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာအများစုဖြစ်ပြီး စစ်သားစုဆောင်းရေးတပ်ကို တစ်ယောက် သိန်း ၈၀ က​နေ သိန်းရာဂဏန်းနဲ့ပြန်ရောင်းစားတာဖြစ်တယ်လို့ စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးအချို့က​ပြောပါတယ်။

စစ်တပ်ကနိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ အဓမ္မစု​ဆောင်းထားတဲ့စစ်သားသစ်​တွေနဲ့အဓိက​စေလွှတ်တိုက်ခိုက်​နေပြီး ​သေဆုံးဒဏ်ရာရတာ ၊ ထွက်​ပြေးတာ ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သွားတာ​တွေများ​နေသလို ၊စစ်သားသစ်စု​ဆောင်းဖို့ ပိုခက်ခဲလာတဲ့အတွက် ​နည်းမျိုးစုံနဲ့ ​ပေါ်တာဆွဲတာ​တွေကိုပိုလုပ်လာတာဖြစ်တယ်လို့ ​တော်လှန်​ရေးအင်အားစု​တွေက​ပြောပါတယ်။ဒါ​ကြောင့်လူငယ်​တွေ ၊ပြည်သူ​တွေအ​နေနဲ့​ပေါ်တာဆွဲမခံရ​​အောင်ပါးနပ်စွာ​နေထိုင်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကတိုက်တွန်း​ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ပထမပတ်အတွင်းမှာ ရန်ကုန်မြို့ရဲ့ မြို့နယ်တွေကနေ စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံရတဲ့ လူငယ် ၂၀ ကျော် အထိရှိနေတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို တင်ပေးနေတဲ့ Scout Channel တွေက ဖော်ပြထားပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

ပုဇွန်တောင် ၅၇ လမ်းမှာ လူငယ် ၂ ဦးကို အရပ်ဝတ်တွေက ရိုက်နှက်ဖမ်းပြီး ကားပေါ်တင်သွား

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။