စက်တင်ဘာ ၁၀၊၂၀၂၆။ ဟာနာဆန်/People’s Spring
မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။
မနေ့က စက်တင်ဘာ ၉ ရက် မနက် ၇ နာရီခန့်က မကွေးမြို့၊ မြသီတာလမ်း၊ သိင်္ဂါရပ်နေ အသက် ၁၉ နှစ်အရွယ်မောင်ကောင်းခန့်ကျော်ဆိုသူဟာ မနက်စာသွားစားမယ်ဆိုပြီး နေအိမ်ကနေ ထွက်ခွာသွားရာကနေ ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မကွေးမြို့အခြေစိုက် ပရဟိတသမား ကိုမိုးဆိုသူက လူမှုကွန်ရက် Tiktok ကနေ အကူအညီတောင်းခံကာ ပြောပြထားပါတယ်။
“မနေ့ကမနက် ၇ နာရီလောက်က မုန့်စားဆိုပြီး ထွက်သွားတာ။ ဒီနေ့ဒီအချိန်ထိ ဆက်သွယ်လို့မရတော့ဘူး။ သူပါသွားတဲ့ဖုန်းလည်း စက်ပိတ်သွားပါတယ်”လို့ ၎င်းပရဟိတသမား ကိုမိုးက ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ မောင်ကောင်းခန့်ကျော်ကို တွေ့တဲ့သူများရှိရင် ပရဟိတသမားဆီသို့မဟုတ် မိဘတွေဆီ အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement
လက်တလောမှာ ရန်ကုန်မြို့အပါအဝင် နေရာအများအပြားမှာ လူငယ်တွေ ပျောက်ဆုံးနေမှု မကြာခဏဖြစ်ပွားနေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာလမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့မှာလည်း နေ့စဥ်ပေါ်တာဆွဲနေလို့ အသွားအလာနည်းပါးနေတယ်လို့ သိရပါတယ်။



















































