စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် မိုင်းဆွဲခံရပြီး အပြင်းအထန်ဒဏ်ရာရခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၀ ဦးအနက် သုံးဦးသည် ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် သေဆုံးသွားကြောင်း Myaung Special People’s Defense Force – MSPDFမှ ဗိုလ်မုန်တိုင်းက People’s Springသို့ ပြောသည်။
ထို့ကြောင့် မြိုင်မြို့နယ်တွင် ဇန်နဝါရီ ၂၈ရက်က မိုင်းဆွဲတိုက် ခိုက်ခံရသော စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းမှ သေဆုံးသူ ခြောက်ဦးရှိပြီ ဖြစ်သည်။
“နဘတ်ရွာသစ် မှာ ဆေးကုနေတဲ့စစ်ခွေး ၂၀ ထဲမှာ သုံးဦးသေသွားပြီးလို့ ရွာထဲစိတ်ချရတဲ့ သတင်းရင်းမြစ်ကနေ အတည်ပြုရတယ်။ နောက်ပြီး ဒီရွာထဲမှာ ဆေးရိက္ခာ မလုံလောက်လို့ ဒီနေ့တောင်သူတို့ ရွာပြင်ထွက်ဖို့ ဟန်ရေးတပြပြလုပ်နေတာ။ သူတို့ မထွက်ရဲဘူး။ကျွန်တော်တို့ ပတ်ပတ်လည် မိုင်းဆင်ထားပြီးပြီဆိုတာလည်း သူတို့သိတယ်”ဟု ဗိုလ်မုန်တိုင်းက ပြောသည်။
အဆိုပါ မိုင်းဆွဲခံရသည့်စစ်ကြောင်းကို တပ်ကူရန် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြင်ဆင်မှုများ ရှိနေကြောင်း လည်း ၎င်းက ဆိုသည်။

Public Service Announcement
မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို တစ်လကျော်ကြာ စောင့်ကြည့် တိုက်ခိုက်မှုများအနက် (ဇန်နဝါရီ ၂၈ ရက်)နေ့လယ်ပိုင်း တိုက်ခိုက်မှုမှာ အထိရောက်ဆုံးဖြစ်ခဲ့သည်ဟု MSPDF က ဝန်ခံသည်။
ကျောက်ရစ်ရဲစခန်းမှ ထွက်လာသည့် အင်အား ၅၀ခန့်ပါစစ်ကောင်စီ၏ ခြေလျင်တပ်ကို နဘက်တာရွာအနီး ၌ မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိုင်းသုံးလုံးအနက် တစ်လုံးသည် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း၏ အလယ်ဗဟိုတည့်တည့်၌ ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီတပ်သားများ အထိနာခဲ့ရခြင်းဖြစ်သည်ဟု ဗိုလ်မုန်တိုင်းက ရှင်းပြသည်။
ထိုတိုက်ခိုက်မှုကို 27 Revolution Forces (မြင်းခြံ)၊ Myaung Special People’s Defense Force – MSPDF နှင့် Myaung Generation Guerilla Force(MGGF)ညီနောင်မဟာမိတ်(၃)ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟုလည်း အသီးသီးထုတ်ပြန်ထားသည်။


















































