ရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုန်မှာ အောက်စီဂျင်ရဖို့အတွက် ညအချိန်ထိတန်းစီစောင့်ဆိုင်းနေသူတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယခုည ၁၀ နာရီ ၂၀ မီနစ်ဝန်းကျင်မှာ သေနတ်နဲ့ပစ်လူစုခွဲခဲ့ပါတယ်။
အခြားမြို့တွေလိုပဲ ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေများတာကြောင့် အရေးပေါ်အောက်စီဂျင်လိုအပ်နေသူတွေများနေတာမှာ အောက်စီဂျင်ရတဲ့နေရာတိုင်းမှာ လူတွေကနာရီပေါင်းများစွာတန်းစီ စောင့်ဆိုင်းကြရပါတယ်။
ဒီည ( ဇူလိုင် ၁၂ ) မှာတောင်ဒဂုံစက်မှုဇုန်က အောက်စီဂျင်စက်ရုံမှာ လူပေါင်းရာပေါင်းများစွာက ည ၁၀ နာရီကျော်ချိန်အထိ တန်းစီစောင့်ဆိုင်းနေတာမှာ ည ၁၀ နာရီ ၂၀ မီနစ်ဝန်းကျင်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မကူညီဘဲ သေနတ်နဲ့ပစ်ပြီးလူစုခွဲခိုင်းတယ်လို့ အဲဒီနေရာကိုရောက်ရှိနေသူအချို့က ပြောပါတယ်။
ပြည်သူတွေက အောက်စီဂျင်မလိုဘဲနဲ့ဝယ်နေကြတဲ့အတွက် အောက်စီဂျင်စက်စုံတွေကို ပြည်သူတွေကိုရောင်းမပေးဖို့ ကန့်သတ်ထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
“အောက်ဆီဂျင် နဲ့ပတ်သက်ပြီး ပုဂ္ဂလိက ပိုင်တဲ့ဟာကို ကန့်သတ်တာရှိပါတယ်။ တစ်ဦးချင်းကိုဖြည့်မပေးဘဲနဲ့ အဓိကလိုအပ်တဲ့ဆေးရုံတွေကိုသာဖြည့်ပေးဖို့ ကန့်သတ်ချက်ရှိတယ်။ တကယ်လိုအပ်သူတွေအနေနဲ့ သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ထောက်ခံချက်နဲ့သွားရောက်ဖြည့်ဆည်းနိုင်ပါတယ်၊ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ လိမ်လည်မှုတွေရှိနေကာ ပြည်သူတွေကလည်း မလိုဘပ်ဘဲ အောက်ဆီဂျင်ဖြည့်နေတဲ့အတွက် ကန့်သတ်လိုက်ရတာဖြစ်တယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
စစ်ကောင်စီကအောက်စီဂျင်စက်ရုံတွေကို ပုဂ္ဂလိက ရောင်းချနေတာတွေကိုတားမြစ်တဲ့အပြင် အောက်စီဂျင်အိုးရောင်းတာတွေကိုပါရပ်ဖို့ နေရာအချို့မှာ ဖိအားပေးနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာကိုဗစ်တတိယလှိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးကြုံနေရပြီး ပြည်သူတွေက ကိုယ့်အားကိုယ်ကိုးရင်ဆိုင်နေကြရပါတယ်။