Connect with us

Hi, what are you looking for?

News

တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကောင်စီတပ်က ဒီမနက် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်

ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းက စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည်ဆုတ်ခွာပေးဖို့ တပ်မဟာ ၆ က စာပေးပို့အကြောင်းကြားပြီးတဲ့နောက်ပိုင်း နေရာအနှံ့မှာ ထိတွေ့တိုက်ပွဲတွေပိုမိုဖြစ်ပွားလာပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်က ဒီကနေ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ၁၁ နာရီအချိန်ခန့်က ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ စုကလိမြို့အနီးက ထီးကပလယ်ကျေးရွာနားမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းနေရာမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ ၁၁ နာရီလောက်မှာ ပစ်တာရော ဗုံးကြဲတာရော။ ဗုံးလေးလုံးကြဲတယ်။ သူတို့(စစ်တပ်)က ပထမတစ်သုတ်က ဒီနေ့လည်လောက်မှာ လေယာဉ်ပေါ်ကနေစက်သေနတ်နဲ့လာပစ်တယ်။ နောက်မှ ဗုံးနှစ်လုံးအရင်လာကြဲတယ်။ နောက်ခဏနေမှ ပြန်လည့်လာပြီးမှ နှစ်လုံးထပ်ကြဲတယ်။ လေးလုံးပေါ့ စုစုပေါင်း။ စခန်းသိမ်းမယ့်ပုံစံဖြစ်မယ်ထင်တယ်။ အဲ့ဒါကြောင့် သူတို့ကလေယာဉ်နဲ့လာပြီးတော့ ပစ်ကူတာလေ”လို့ KHRG တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဲ့ဒီအနီးအနားက ဒေသခံအရပ်သားပြည်သူတွေဟာ ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဟိုရက်က တိုက်ပွဲနည်းနည်းစဖြစ်တုန်းက ထီးကပလယ်ကရွာသူရွာသားတွေက ပြေးထားပြီးပြီးဆိုတော့ ရွာသားတွေဒီနေ့မှာတော့ ထိခိုက်မှုတော့မရှိပါဘူး။ ဒါပေမဲ့လေယာဉ်ဗုံးကြဲတဲ့နေရာက ရွာသားတွေထွက်ပြေးတဲ့နေရာနဲ့ နည်းနည်းနီးသေးတယ်ဆိုတော့ နောက်ထပ်တစ်နေရာ ထပ်ပြေးရတာပေါ့” လို့ KHRG တာဝန်ရှိသူက ဆိုပါသေးတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာရှိတဲ့ ဝေါ်လေမြို့အနီးက စစ်ကောင်စီရဲ့မော်ခီးမဆုတ်တမ်းစခန်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက် အဲ့ဒီဒေသဘက်မှာ စစ်ရေးပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်က စခန်းကိုပြန်လည်ရရှိဖို့ ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေ ဒီထက်ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် မနေ့ညနေပိုင်းကလည်း လေးကေကော်ဒေသဘက်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အနည်းဆုံး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန်ထားပါသေးတယ်။

ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းက စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည်ဆုတ်ခွာပေးဖို့ တပ်မဟာ ၆ က စာပေးပို့အကြောင်းကြားပြီးတဲ့နောက်ပိုင်း နေရာအနှံ့မှာ ထိတွေ့တိုက်ပွဲတွေပိုမိုဖြစ်ပွားလာပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် မြ၀တီမြို့နယ် အပြင်ကွင်းကလေးကျေးရွာက ကျောင်းသူတစ်ဦးသေဆုံးခဲ့ရပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိသွားခဲ့သလို ကော့ကရိတ်မြို့နယ်ထဲမှာလည်း စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော် ထပ်မံတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။