မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းရှိကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်အုပ်စုနှင့် နှစ်ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦးအပါအဝင် ၁၅ဦး သေဆုံးကြောင်း PDF-Taloke က ယနေ့(ဧပြီ ၄ ရက်) ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ်များအရ ဧပြီ ၂ရက် နံနက် ၁၀နာရီခန့်တွင် အင်အား ၄၀ခန့်ဖြင့် ရွှေလှံကျေးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က စီးကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးအလွန်အကျွံသုံး၍ ပစ်ခတ်ဝင်ရောက်လာသဖြင့် ပြည်သူ့တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းလည်း အသိ ပေးသည်။
ထို့နောက် မြစ်ဆုံကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ် ထပ်မံဝင်ရောက်လာစဥ် ရှေ့ထွက်မိုင်းနှစ်လုံးနှင့် ရှော့တိုက်ဒုံးတစ်လုံးဖြင့် တိုက်ခိုက်ရာ အရာရှိတစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း PDF-Talokeက ပြောသည်။

Public Service Announcement
ထို့နောက် မြစ်ဆုံကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ညအိပ်တပ်စွဲပြီးနောက် ဧပြီ ၃ရက်တွင် မင်းလှရွာသို့ ဝင်ရောက်ခဲ့ပြီး မင်းလှရွာစာသင်ကျောင်းအား မီးရှို့စဥ် ဒရုန်းဖြင့် အီနာဂါဗုံးတစ်လုံး ပစ်ချပေးခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးနောက် ဇရပ်နီကျေးရွာ အရောက်တွင် သေဆုံးခဲ့သည်ဟု ဆိုသည်။
ဇရပ်နီကျေးရွာမှ ပေါက်တောကျွန်းအထွက်တွင်လဲ စောင့်ကြို မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးပြီး အများအပြားထိခိုက်မှုရှိကာ တပ်ဆုတ်ပြေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“သူတို့ဘက်ကလည်း လက်နက်အကြီးတွေ တပ်အင်အားများပြီး စစ်ကြောင်းခွဲလာတယ်။ ကိုယ့်ဘက်ကလည်း အဝေးပစ် လက်လုပ်တွေ နဲ့လည်းဆော်ရတယ်။ အပြန်အလှန် အော်တိုတွေနဲပစ်ခတ်ခဲ့ကြတယ်။ ကျွန်တော်တို့ကပြောက်ကျားနဲ့ခွေးတွေနောက်လိုက်ပစ်လို့ခွေးတပ်ပြေးရတဲ့အထိဗျ။ကျွန်နော်တို့လက်နက်တွေဒီထက်ပိုကောင်း အော်တိုပိုများရင် ပိုကောင်းတယ်ဗျ။ တိုက်မယ့်ရဲဘော်တွေကအဆင်သင့်ပါပဲ။”ဟု Myaung Union Army မှ သတင်းတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ဆုတ်ပြေးရာ လမ်းကြောင်းတစ်လျှောက် လက်နက် ကြီး၊ လျှော့တိုက်ဒုံး၊ ၄၀ မမဖြင့် လိုက်လံပစ် ခတ်ခဲ့ပြီး မြစ်ကူးရန် စက်လှေပေါ်တက်စဥ်တွင်လည်း မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံး ကြောင်း သိရသည်။
“အခုက စခတွေက အင်အားများတဲ့အပြင် စစ်ကြောင်း သုံးခုပုံစံနဲ့ခွဲ တက်နေတာ။ပုံစံအမျိုးမျိုးနဲ့ထိတွေ့မှုတွေက တော့ ရှိနေဦးမှာပဲ”ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို ဝင်ရောက်အကြမ်းဖက် မီးရှိ့်ဖျက်ဆီးခြင်းများကိုပါ ပြုလုပ်ခဲ့သည်။
“ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဖြုံဘူး တစ်ရွာတည်းနဲ့တင် အိမ်အလုံး (၇၀)ကျော် မီးရှိုဖျက်ဆီးခံလိုက်ရပါတယ်။ ၂ ရက်အတွင်း ရေလယ်ကျွန်းဒေသမှာမီးရှို့ခံလိုက်ရတဲ့အိမ် အလုံး (၁၀၀)ကျော်ပါပြီ။”ဟု ရေစကြိုအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့မှ ရဲဘော် ဝေကြီးက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ဧပြီ ၂ရက်ကစ၍ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာပြီးနောက် ကျေးရွာ (၉)ရွာထက်မနည်း မီးရှို့ခံရကာ ဒေသခံပြည်သူသုံးဦးသတ်ဖြတ်ခံရပြီး ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးနေရသည်။


















































