မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ်ကိုမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်(YDF)က သတင်းထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ် ကျောမြို့အရှေ့ဘက်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော သစ်တောဂိတ်ကို YDF တပ်ရင်း (၁၃)မှ ယနေ့ (ဧပြီ ၃၀ရက်)နံနက် ၄နာရီခန့်တွင် သွားရောက်တိုက်ခိုက်မီးရှို့ခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီ၏ ကပစ (၂၃)မှ စစ်သားများ ကားများဖြင့်လာရောက်ရာ ကြိုတင်စောင့်ဆိုင်းနေသည့် YDF တပ်ဖွဲ့ဝင်များက ရှေ့ထွက်မိုင်း ရှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာအနီး စစ်ကောင်စီတပ်သားများက တောနင်း၍ စစ်ကြောင်းထိုးနေကြောင်း YDFက ထုတ်ပြန်ခဲ့ပြီး အနီးပါတ်ဝန်းကျင်ရှိ ပြည်သူများ သတိထားနေထိုင်ကြရန် အသိပေးထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ရက်ကလည်း ကျောမြို့နှင့် နှစ်မိုင် အကွာရှိ ရေချိုးဆိပ်သို့ ရေလာချိုးသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၆ဦး သေဆုံးခဲ့ကြောင်း ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်ထားသည်။

Public Service Announcement


















































