မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကျေးရွာနေအိမ်များဖျက်ဆီးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် ရဲလေးဦးသေဆုံးကြောင်း 27 Revolution Forcesက ယနေ့ ထုတ်ပြန်သည်။
ဧပြီ ၂၈ ရက်က မြင်းခြံနယ် ဆီမီးခုံရဲစခန်းမှ စခန်းမှူးနှင့် ရဲများသည် ဟွန်ဒါဖစ် အနက်ရောင်ကားဖြင့် ဇလပ်ကုန်းရွာရှိ နေအိမ်များအား မွှေနှောက်ဖျက်ဆီးပြီးအပြန် ဇလပ်ကုန်းရွာအနီး ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲလေးဦး သေဆုံးခဲ့သည်ဟု 27 RF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရုပ်အလောင်းများအား လူမှုကူညီရေးကားများနှင့် သယ်ဆောင်သွားပြီး ဟွန်ဒါဖစ်ကားအား ညနေပိုင်းမှ ကရိန်းဖြင့်သယ်သွားသည်ဟု 27 RFက ပြောသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး 27 Revolution Forcesသို့ မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား 27 Revolution Forces၊ Urban Underground Revolution Force(UURF)၊ မြေလတ်အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဟု ၎င်းတို့က ပြောသည်။
ထိုနေ့ ဧပြီ၂၈ ရက် နေ့လယ်ပိုင်းကလည်း ဇလပ်ကုန်းရွာရှိနာရေးကို စစ်ကောင်စီတပ်က ဝင်ပစ်သဖြင့် ရွာသားတစ်ဦး သေဆုံးခဲ့သည်။


















































