တော်လှန်ရေးရဲဘော်များ အဆုံးသတ်တိုက်ပွဲကို လျှောက်လှမ်းရာတွင် ငှက်ဖျားကြောင့် မနှောင့်နှေးစေလို၍ ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့ ကမ်ပိန်း စတင်လိုက်ကြောင်း CDM Medical Networkက အသိပေးသည်။
ဝါဆိုမိုးနှင့်အတူ ငှက်ဖျားပိုးများလည်း ပါလာတော့မည်ဖြစ်၍ “ငှက်ဖျားကြောင့်တော့ အရှုံးမပေးနဲ့” ကမ်ပိန်းကို စတင်လိုက်ခြင်းဖြစ်ပြီး အချိန်ကာလ နှစ်ပတ်တိတိ သတ်မှတ်ထားသည်ဟု ဖော်ပြသည်။
ပုံမှန်ငှက်ဖျားရောဂါအတွက် ပျမ်းမျှဆေးဝါးကုန်ကျငွေမှာ ရဲဘော်တဦးလျှင် ၇,၀၀၀ ကျပ်ခန့်ကျသင့်သော်လည်း ဒေသအသီးသီးသို့ ဖြန့်ဝေစရိတ်များနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့ကိုလည်းရည်ညွှန်းပြီး ရဲဘော်တစ်ဦးလျှင် ၇,၇၀၀ကျပ် သတ်မှတ်ထားသည်ဟု အသိပေးသည်။

“ငွေ ၇,၇၀၀ ကျပ်ရှိရုံနဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကို ငှက်ဖျားအန္တရာယ်ကနေ အခုပဲအသက်ကယ်လို့ရပါပြီ”ဟု CDM Medical Network က ပြောသည်။

Public Service Announcement
ယခုကမ်ပိန်းအစီအစဥ်တွင် တော်လှန်ရဲဘော် အယောက် ၄,၀၀၀၏ အသက်ကို ငှက်ဖျားဘေးဆိုးလက်တွင်းမှ အားလုံးအတူကယ်တင်ကြမည်ဟု ရည်မှန်းထားကြောင်းလည်း CDM Medical Network က ဆက်ပြောသည်။
ကမ္ဘာ့စစ်သမိုင်းကြောင်းတလျှောက်ငှက် ဖျားရောဂါနှင့် စစ်ပွဲများ အတူဒွန်တွဲနေခဲ့ပြီး ပထမကမ္ဘာစစ်တုန်းကဆိုလျင် စစ်သားပေါင်း (၁.၅) သန်းကူးစက်ခံရပြီး ၀.၂ ကနေ ၅ ရာခိုင်နှုန်း (စစ်သားပေါင်း ၇၅,၀၀၀)အထိသေဆုံးခဲ့ကြောင်း နိုင်ငံတကာစာတမ်းများကိုကိုးကားပြီး ဖော်ပြထားသည်။
ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်မှာလည်း တောင်ပစိဖိတ်စစ်မျက်နှာပြင်မှာ ဂျပန်တွေနဲ့တိုက်ခိုက်ခဲ့ကြတဲ့ အမေရိကန်စစ်သားပေါင်းများစွာ ငှက်ဖျားရောဂါဒဏ်ခံစားခဲ့ကြရပြီး စစ်ပွဲကာလဟာ ခန့်မှန်းချိန်ထက် ပိုမိုကြန့်ကြာခဲ့ကြောင်း ထောက်ပြသည်။
ထိုအခြေအနေများကို ထောက်၍ လက်ရှိ ဖက် ဒရယ်ဒီမိုကရေစီလမ်းကြောင်းတွင်လည်း အသက်သွေးချွေးပေါင်းများစွာပေးဆပ်ထားသောရဲဘော်အား ငှက်ဖျားက လက်ဦးမှုအရင်ယူသွားခြင်း မျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်မှုနှင့် ကုသမှုများမှာ အရေးကြီးသည်ဟု ဆိုသည်။
“ကျွန်တော်တို့ရဲဘော်တွေ ကျန်းမာမှ ဖြစ်ပါမယ်။ ကျန်းမာမှ အင်ပြည့်အားပြည့် တိုက်ပွဲဝင်နိုင်ပါမယ်”ဟု CDM Medical Network က ပြော သည်။
ထို့ကြောင့် ရဲဘော်တစ်ဦးကို ၇၇၀၀ ကျပ်နှုန်းဖြင့် ရဲဘော်ဘယ်နှစ်ဦး၏ အသက်ကိုကယ်နိုင်ကြမလဲဆိုသည်ကို challenge ခေါ်ချင်သည်ဆိုပါက CDM Medical Network ၏ Page Messenger သို့ ဆက်သွယ်နိုင်ပြီဟု အသိပေးထုတ်ပြန်ထားသည်။


















































