Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်နယ်အထက်ပိုင်း ကျေးရွာအချို့မှာ လူအများအပြား ငှက်ဖျားဖြစ်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အထက်ပိုင်း ဝေးလံခေါင်သီတဲ့တောင်ပေါ်၊ ချောင်းဖျားဒေသကျေးရွာအချို့မှာ လူဦးရေ အများအပြား ငှက်ဖျားဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လက်လှမ်းမမီ၊ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။

( AA ကျန်းမာရေးဌာနက ဒေသခံတေါကို ဆေးကုသပေးနေစဉ်။ ဓာတ်ပုံ - AA )

ဇူလိုင် ၃၀၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အထက်ပိုင်း ဝေးလံခေါင်သီတဲ့တောင်ပေါ်၊ ချောင်းဖျားဒေသကျေးရွာအချို့မှာ လူဦးရေ အများအပြား ငှက်ဖျားဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လက်လှမ်းမမီ၊ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်း တောင်ပေါက်ကျေးရွာနဲ့ ပလက်၀မြို့နယ်အစပ် င/တရံကျေးရွာတို့မှာ လူ အစုလိုက် ဖျားနာနေကြတာဖြစ်ပြီး တောင်ပေါက်ရွာက ရွာသား ၈ ဦးနဲ့ င/တရံရွာက ရွာသား၄၁ ဦးတို့မှာ ငှက်ဖျားပိုးတွေ့တယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ ကျန်းမာရေးဌာနက ပြောပါတယ်။

“တောင်ပေါက်ဆိုတာ ယိုးချောင်းရဲ့ ဟိုးအပေါ်ဆုံးမှာရှိတဲ့ရွာပါ။ တော်တော်အလှမ်းဝေးတယ်။ ဆေးပေးခန်းလည်း မရှိဘူး။ AA က လာကုပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူတို့ပြန်သွားရင် ထပ်ပြဖို့ ဆေးခန်း မရှိဘူး။ အခု ဘေးနားက ရွာမှာလည်း ဖျားနေတဲ့သူတွေ အများကြီးရှိနေပါတယ်” လို့ ယိုးချောင်းဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အစုလိုက်ငှက်ဖျားဖြစ်နေတဲ့ တောင်ပေါက်နဲ့ င/တရံရွာတို့ကို AA ကျန်းမာရေးဌာနက ဇူလိုင် ၁၉ ရက်နေ့ကနေ ၂၃ ရက်အထိ ၅ရက်ကြာ သွားရောက်နေထိုင်ကုသပေးခဲ့ပြီး သွေးစစ်တာ၊ ဆေးကုသပေးတာတွေ လုပ်ခဲ့ပါတယ်။

“ကျန်းမာရေးဌာနက နယ်လှည့်ကုပေးရတဲ့ အနေအထားပါ။ ရွာတိုင်းမှာ ဆေးပေးခန်း ချပေးထားနိုင်တဲ့အနေအ ထားမရှိဘူး။ အဓိကတော့ ဝန်ထမ်းအင်အားနည်းလို့။ မသေသင့်ဘဲ သေခဲ့ရတဲ့လူနာတွေလည်း ရှိတယ်။ ရေဘေး နောက်ပိုင်းဆိုရင် ကျန်းမာရေးတဖွဲ့လုံး ပင်ပင်ပန်းပန်းနဲ့ လုပ်နေကြတာ” လို့ AA ကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦး က ပြောပါတယ်။

လက်ရှိမှာ AA ဟာ ကျန်းမာရေးဌာနဝန်ထမ်းအင်အားဖြည့်တင်းဖို့အတွက် သူနာပြုနဲ့ သားဖွားသင်တန်းကျောင်း ဖွင့်ထားသလို ဆေးသိပ္ပံကျောင်းဖွင့်လှစ်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ရေကြီးမှုနောက်ဆက်တွဲ၊ ငှက်ဖျားအပြင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူတွေပါ ရှိနေပြီး မင်းပြားမြို့နယ် ဖုံသာချောင်း၊ ကျောက်တော်မြို့နယ် ယိုးချောင်းဒေသ၊ မြောက်ဦးမြို့နယ်နဲ့ အမ်းမြို့နယ်တို့မှာ ဖြစ်ပွားနေကာ လူ သေဆုံးမှုတွေပါ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ လူထုနွေဦးက မေးမြန်း၊ သိထားရတဲ့အချက်အလက်တွေအရ မင်းပြားမြို့နယ် ဖုံသာချောင်းဖျားဒေသမှ ၆ ဦး၊ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှ ၂ ဦးနဲ့ အမ်းမြို့နယ် ဒလက်ချောင်းဒေသမှ ၁ ဦးတို့ဟာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

AA ကျန်းမာရေးဌာနဟာ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် မိုးရာသီမရောက်ခင်ကတည်း က ခြင်လောက်လန်းသတ်ဆေး(Abate)၊ ခြင်သတ်ဆေးတွေနဲ့ ကုသရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေ စုဆောင်း ထားခဲ့ပြီး Abate ဆေးခတ်တာ၊ ပညာပေးတာတွေ လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။

ဘာကြောင့်ပဲဖျားဖျား နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသပြီး နှာခေါင်းသွေးယိုတာ၊ အစားအ သောက်မဝင်ဘဲ ဆက်တိုက်အန်တာ၊ အညိုအမဲအဖတ်တွေ အန်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ အဖျားကျပေမယ့် ခြေ ဖျားလက်ဖျား အေးစက်နေတာ စတဲ့လက္ခဏာတွေ ကြုံလာရင် အချိန်မီ ဆေးရုံတက်ကုသမှုခံယူကြဖို့လည်း AA ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေရပ်ကွက် ၂ခုကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် (၁)နှစ်ကျော်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပါတယ်။