စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လမ်းများ၌ ဆီပီပါယာဉ်များနှင့် ဆီဘောက်ဆာယာဉ် များကို သြဂုတ်လ ၂၅ ရက်မှစ၍ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း ဆားလင်းကြီး ညီနောင်မဟာမိတ်တပ်ပေါင်းစုက ယနေ့(သြဂုတ် ၁၉ရက်)တွင် ထုတ်ပြန်ကြေညာသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ လမ်းပိုင်းများတွင် အလှူငွေကောက်ခံမှု လွန်စွာများပြားနေပြီးတစ်မြို့နယ်လုံးစာ အခွန်ငွေကြေးအဖြစ် ဂိတ်တစ်ခုထား ကောက်ခံရန် သြဂုတ် ၈ ရက်တွင် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့သည်ဟု ညီနောင်မဟာမိတ်တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သို့သော် ထိုအစည်းအဝေးဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများစွာရှိခဲ့ပြီး ထိုအခက်အခဲများကို လာရောက်ဖြေရှင်းပေးရန် မြို့နယ်တာဝန်ခံများထံ အကြောင်းကြားခဲ့သော်လည်း လာရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း ညီနောင်မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။
အလှူငွေကောက်ခံရေးဂိတ်များသာ ပိုမိုများပြားလာခဲ့၍ တစ်မြို့နယ်လုံး ဂိတ်တစ်ခုသာ ထားရှိရန်တောင်းဆိုခြင်းကို ဖြေရှင်းပေးမှုမရမခြင်း ၊သြဂုတ် ၂၅ ရက်မှစ၍ ဆားလင်းကြီးတစ်မြို့လုံး လမ်းပိတ်ထားမည်ဖြစ်ပါကြောင်း မဟာမိတ်ညီနောင်အဖွဲ့များက အနူးအညွတ်မေတ္တရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Public Service Announcement
ထိုကြေညာချက်အား ညီနောင်မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော Salingyi GZ Local PDF၊ Bother Defense Force (BDF)၊ One Star Task Force၊ ဆားလင်းကြီသမန်းကျားပြောက်ကျားတပ်ဖွဲ့၊ IC၊ Young People Force(Y. P. F)၊ တစ်ကိုယ်တော်သုဘရာဇာ၊ Salingyi Revolution Eagles(SRE)၊ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဆားလင်းကြီးမြို့နယ်သည် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ချင်းပြည်နယ်သို့သွားမည့်ယာဥ်များဖြတ်သန်းရသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယင်းမြို့နယ်မှာပင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။


















































